စပိန်လာလီဂါ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇနက်ဒင်း ဇီဒန်းကတော့ ယခုနှစ် ဘောလုံးရာသီမှာ တခုတည်းသော လက်ကျန် ဖလားမျှော်လင့်ချက် ဖြစ်တဲ့ စပိန် လာလီဂါချန်ပီယံဆုကို ရယူနိုင်ခြင်း မရှိရင် ရာသီကုန်တဲ့အခါ အသင်းကနေ နုတ်ထွက်ဖို့ စဉ်းစားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ ပြင်သစ် ဂန္တဝင် ကွင်းလယ်လူ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ဆုဖလား ၃ကြိမ် ၊ လာလီဂါ ဆုဖလား ၂ကြိမ် ၊ ကိုပါဒယ်ရေး ၂ကြိမ် ၊ စပိန်စူပါဖလား ၂ကြိမ် ၊ ဥရောပစူပါဖလား ၂ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၂ကြိမ် စတဲ့ အောင်မြင်မှုပေါင်း များစွာကို ရယူထားနိုင်တဲ့ ထိပ်တန်းနည်းပြတဦးပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဒါပေမယ့် ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ပုံမှန်ခြေစွမ်းကောင်းကို ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရကာ စပိန်ဘုရင့်ဖလား ၊ ချန်ပီယံလိဂ်ဖလား စတဲ့ ဆုဖလားတွေကို လက်လွှတ်ထားရသလို လာလီဂါ ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ဖို့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ခြေချော်မှုတွေကို စောင့်မျှော်နေရတဲ့ အနေအထားပါ။ ရီးရဲလ်မက်ဒရစ် အသင်းဟာ လက်ရှိမှာ လာလီဂါပြိုင်ပွဲရဲ့ အဆင့်၂ နေရာမှာ ရမှတ် ၇၄မှတ်နဲ့ ရပ်တည်နေပြီး အဆင့် ၁နေရာက အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ၂မှတ်သာ ကွာဟတာကြောင့် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ မျှော်လင့်ချက် ရှိနေပေမယ့် အကယ်၍ လာလီဂါ ချန်ပီယံဆုကိုသာ လက်လွှတ်ခဲ့ရရင် ဇီဒန်းဟာ ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ နုတ်ထွက်ဖွယ် ရှိကြောင်း မက်ဒရစ်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Goal

ဂျူဗင်တပ်အသင်းနဲ့ နီးစပ်တဲ့ အီတလီ နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Tutto Sport သတင်းဌာနကတော့ ဇီဒန်းဟာ ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ ထွက်ခွာပြီး လက်ရှိ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလိုရဲ့ နေရာကို အစားထိုး ဝင်ရောက်ဖွယ် ရှိကြောင်း ယနေ့မနက်မှာပဲ ဖော်ပြသွားခဲ့ပါတယ်။ ဇီဒန်းဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဂျူဗင်တပ်အသင်းနဲ့ အတူ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ခဲ့တာကြောင့် ဂျူဗင်တပ် အသင်းရဲ့ နည်းပြအဖြစ် လုပ်ကိုင်ဖို့ဟာ သူ့ရဲ့ စိတ်ကူးတခု ဖြစ်ကြောင်း ပြောကြားထားတာတွေ ရှိသလို ပီယာလိုရဲ့ လက်အောက်မှာ ဂျူဗင်တပ်အသင်းဟာ ၉နှစ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့ စီးရီးအေ ချန်ပီယံဘွဲ့ကို လက်လွှတ်ထားရတာကြောင့် ဂျူဗင်တပ်အသင်းကလည်း ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စား နေတာကြောင့် ဇီဒန်းနဲ့ ဂျူဗင်တပ်တို့ရဲ့ ပေါင်းစပ်မှုကို မကြာခင်မှာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။

The post ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာပြီး ဂျူဗင်တပ်ကို နည်းပြဖို့ စိတ်ဝင်စားနေတဲ့ ဇီဒန်း appeared first on MySport Myanmar.