ဇီဒန်းဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ဥရောပဘောလုံးသမိုင်းကြောင်းတလျှောက်မှာ ဘယ်နည်းပြမှ မလုပ်ပေးနိုင်ခဲ့ဖူးတဲ့ အောင်မြင်မှုတစ်ခုအဖြစ် ဥရောပချန်ပီယံလိဂ်ဖလားကြီးကို (၃)နှစ်ဆက်တိုက်အထိကို ရယူပေးထားနိုင်ခဲ့တဲ့ နည်းပြတစ်ယောက် ဖြစ်ပါတယ်။ အသင်းနဲ့ မထင်မှတ်ပဲ လက်တွဲဖြုတ်ခဲ့ရပေမယ့် အသင်းနဲ့ ပြန်ပြီးပူးပေါင်းချိန်မှာတော့ ရီးယဲလ်အသင်းအတွက်ကို လာလီဂါဆုဖလား အရယူပေးနိုင်ခဲ့ပြန်ပြီး သူရဲ့အကောင်းဆုံး နည်းပြစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sport

ဒါပေမယ့် ဒီတစ်ခေါက်မှာလည်း ဇီဒန်းဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဒုတိယအကြိမ် လမ်းခွဲသွားဖို့ကို ပြင်ဆင်လာခဲ့ပြီဖြစ်သလို ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် အကြောင်းကိုလည်း သူရဲ့အသင်းသားတွေဆီ အသိပေးထားခဲ့တယ်လို့ စပိန်သတင်းမီဒီယာတချို့ကနေ ဖော်ပြထားကြပါတယ်။ လက်ရှိအချိန်မှာ ဇီဒန်းရဲ့ ရီးယဲလ်အသင်းဟာ လာလီဂါချန်ပီယံဆုအတွက် မျှော်လင့်ချက်တွေ ရှိနေသေးပြီး လက်ကျန်ပွဲ(၂)ပွဲလုံးကို အနိုင်ယူနိုင်ခဲ့မယ် အသက်လက်တီကိုအသင်းကလည်း ခြေချော်မှုတွေ ရှိခဲ့မယ်ဆိုရင် ဇီဒန်းအနေနဲ့ သူရဲ့ရီးယဲလ်နည်းပြဘဝ နောက်ဆုံးရာသီမှာ အသင်းအတွက် ဆုဖလားတစ်ခုနဲ့ နှုတ်ဆက်နိုင်ခဲ့မှာဖြစ်ပါတယ်။

Photo Credit : beIN SPORTS

တကယ်လို့ ဇီဒန်းသာ ရီးယဲလ်ကနေ ထွက်ခွာသွားမယ်ဆိုရင် သူရဲ့နေရာမှာ ဝင်ရောက်လာနိုင်မယ့် နည်းပြတွေကို ကြည့်မယ်ဆိုရင် ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ် အလိုရှိနေတဲ့ ဂျုဗင်တပ်စ်နည်းပြဟောင်း မက်စ်အယ်လီဂရီက နည်းပြသစ်ဖြစ်လာဖို့အတွက် ရေပန်းအစားဆုံး ဖြစ်လာနိုင်ပါတယ်။ အယ်လီဂရီနဲ့ အဆင်မပြေခဲ့ရင်တော့ ဇီဒန်းလိုပဲ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ယောက်လည်းဖြစ် နည်းပြဘဝထဲကိုလည်း စတင်ဝင်ရောက်နေပြီဖြစ်တဲ့ ရာအူးကို အသင်းရဲ့နည်းပြသစ်အဖြစ် လျာထားနိုင်ပါတယ်။ ရီးယဲလ်နဲ့ လက်တွဲဖြုတ်တော့မယ့် နည်းပြဇီဒန်းကိုတော့ သူကစားသမားဘဝတုန်းက ကျင်လည်ခဲ့ဖူးတဲ့ ဂျုဗင်တပ်စ်အသင်းကနေ အလိုရှိနေပြီး ဒီရာသီမှာ အသင်းကို ရလဒ်ကောင်းတွေ ရယူပေးဖို့ ရုန်းကန်နေရတဲ့ ပီယာလိုရဲ့နေရာမှာ အစားထိုးချင်နေပါတယ်။

The post ဒီရာသီအကုန်မှာ ရီးယဲလ်အသင်းနဲ့ နောက်ထပ်တစ်ကြိမ် လမ်းခွဲသွားတော့မယ့် နည်းပြဇီဒန်း appeared first on MySport Myanmar.