ဒီနှစ်ဘောလုံးရာသီအတွင်း ဦးခေါင်းထိခိုက်မှု ဖြစ်ပွားခဲ့ရလို့ ကာလရှည်ကြာ အနားယူနေခဲ့ရတဲ့ ဝုလ်ဗ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ရာအူးယီမီနက်ဇ်ဟာ လက်ရှိမှာတော့ ဘောလုံးပြန်ကစားဖို့ အဆင့်သင့်ဖြစ်လို့နေပြီး လာမယ့်ဘောလုံးရာသီမှာတော့ ဝုလ်အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်လို့ ဝုလ်ဗ်ဘက်ကလည်း အသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်ပိုင်းတို့ကိုုသာ ဦးစားပေးပြီး လူဖြည့်တင်းမှုတွေ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

Photo Credit : Evening Standard

အသက်(၃၀)အရွှယ်ရှိ မက္ကဆီကိုလက်ရွေးစင် တိုက်စစ်ကစားသမား ရာအူးယီမီနက်ဇ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့စဉ် အာဆင်နယ်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်နဲ့ ထိခိုက်မိရင်းနဲ့ ဦးခေါင်းဒဏ်ရာကို ဆိုးဆိုးရွှားရွှား ခံစားလိုက်ရတာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ယီမီနက်ဇ်ဟာ သူရဲ့ဦးခေါင်းဒဏ်ရာကနေ သက်သာလာပြီဖြစ်လို့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် ဒီရာသီရဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ကိုပါ ဝင်ရောက်ကစားနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။

Photo Credit : The Guardian

ဒါပေမယ့် ဝုလ်ဗ်အသင်းဘက်ကတော့ ယီမီနက်ဇ်ကို လာမယ့်ဘောလုံးရာသီမှသာ အသင်းရဲ့လူစာရင်းမှာ ပြန်လည်အသုံးပြုဖွယ် ရှိလို့နေပြီး ယီမီနက်ဇ်လို အသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ယောက် ဒဏ်ရာကနေ သက်သာလာခဲ့တာဖြစ်လို့ ဝုလ်ဗ်အသင်းဘက်ကလည်း အသင်းရဲ့တိုက်စစ်ပိုင်းထက် ခံစစ်နဲ့ ကွင်းလယ်ပိုင်းကိုပဲ ဦးစားပေးပြင်ဆင်နိုင်တော့မှာဖြစ်ပါတယ်။ လက်ရှိမှာ ဝုလ်ဗ်အသင်းရဲ့ခံစစ်ကစားသမား ဝီလီဘိုလီနဲ့ ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်တို့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေက အများကြီးရှိနေတဲ့အပြင် နောက်ခံလူတစ်ဦးဖြစ်တဲ့ ဆာအိမှာလည်း အသင်းနဲ့ စာချုပ်သက်တမ်း (၁၂)လခန့်သာ ကျန်ရှိတော့တာဖြစ်ပြီး ဝါရင့်ကွင်းလယ်လူ မော်တင်ဟိုမှာတော့ အသက်(၃၅)နှစ်ပြည့်တော့မှာဖြစ်လို့ ခံစစ်နဲ့ ကွင်းလယ်ပိုင်းအတွက် ကစားသမားသစ်တွေကို ထပ်မံခေါ်ယူဖို့ ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၂)ကို ရောက်ရှိနေခဲ့ပြီး လာမယ့်ရာသီမှာတော့ ဥရောပဝင်ခွင့်တွေ ပြန်လည်ရရှိနိုင်ဖို့အတွက် အသင်းကို ပြန်လည်ပြင်ဆင်လာမှာဖြစ်ကာ အသင်းရဲ့ အဓိက ကစားသမားတွေကိုလည်း အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းဖွယ် ရှိနေပါတယ်။

The post လာမယ့်ဘောလုံးရာသီမှာ ဝုလ်ဗ်အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မယ့် ယီမီနက်ဇ် appeared first on MySport Myanmar.