ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ ချယ်လ်ဆီးအသင်းကနေ အာဆင်နယ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဘရာဇီးတောင်ပံတိုက်စစ်ကစားသမား ဝီလီယံဟာ အာဆင်နယ်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်လျက်ရှိနေရတဲ့အပြင် အသင်းပရိသတ်များစွာ မျှော်လင့်ထားသလို ဖြစ်မလာသေးပဲ အခုအချိန်အထိ အသင်းအတွက်ကိုလည်း သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်သေးတဲ့အထိ ဖြစ်နေရခြင်းဟာ သူရဲ့ကစားသမားဘဝအတွင်းမှာတော့ အဆိုးရွှားဆုံးပဲလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Cannon

အသက်(၃၂)နှစ်အရွှယ်ရှိ ဝါရင့်တောင်ပံကစားသမား ဝီလီယံဟာ ၂၀၁၃ခုနှစ်ကနေ ပရီးမီးယားလိဂ်ကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး အင်္ဂလန်မြေမှာ ဆယ်စုနှစ်နီးပါးလောက် ကျင်လည်ခဲ့တဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမားကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ရုရှားကလပ် အန်ဇီကနေ ချယ်လ်ဆီးအသင်းဆီကို စတင်ရောက်ခဲ့တဲ့ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီကနေစတင်ပြီး ဝီလီယံဟာ ပြိုင်ပွဲစုံမှာ အသင်းအတွက် သွင်းဂိုးတွေကို ရာသီတိုင်းလိုလို သွင်းယူနိုင်ခဲ့ပေမယ့် လက်ရှိ အာဆင်နယ်ကစားသမားဘဝ ပထမရာသီမှာတော့ ပွဲပေါင်း(၃၀) ပါဝင်ကစားထားပေမယ့် သွင်းဂိုးတစ်ဂိုးမှကို မသွင်းယူထားနိုင်သေးပဲ ရှိနေရပါတယ်။

Photo Credit : TEAMtalk

အခုလို ရုန်းကန်နေရတာတွေနဲ့ပတ်သက်ပြီး ဝီလီယံက “ဒါက အရမ်းကို ခက်ခဲတဲ့ တာထွက်မှုတစ်ခု ဖြစ်ခဲ့ရတယ်။ ဖူလ်ဟမ်အသင်းနဲ့ ပထမဆုံး ကစားခဲ့ရတဲ့ ပွဲစဉ်ကလွဲပြီးပေါ့။ ဒီပွဲမှာက ကျွန်တော်လည်း ပုံစံကောင်း ပြသခဲ့ပြီးတော့ အသင်းရဲ့ သွင်းဂိုး(၃)ဂိုးမှာ (၂)ဂိုးကို ပါဝင်ပတ်သတ်ပေးခဲ့တယ်။ အကောင်းဆုံးပွဲတစ်ပွဲဖြစ်အောင် ကျွန်တော်လုပ်ဆောင်နိုင်ခဲ့တယ်။ ဒီပွဲပြီးသွားတဲ့နောက်မှာ ကျွန်တော်တို့တွေ ပွဲတချို့ကို အနိုင်ရခဲ့သေးတယ်။ တချို့ပွဲတွေမှာဆိုရင် ကျွန်တော်လည်း အကောင်းဆုံးကစားနိုင်ခဲ့တယ်။ ဒါပေမယ့် အသင်းက ရလဒ်ဆိုးတွေကို ဆက်တိုက်ရရှိလာခဲ့တယ်။ ဒီလိုရလဒ်ဆိုးမှုတွေက ကျွန်တော့်ကစားသမားဘဝအတွင်း အဆိုးရွှားဆုံး အခြေအနေတစ်ခု ဖြစ်လာခဲ့တယ်။ ကိုရင်သီယန်ကနေ စတင်ပြီး ယူကရိန်းကိုရောက်ရှိခဲ့ရာကနေ ချယ်လ်ဆီးကို ရောက်ခဲ့တဲ့အချိန်အထိ ကျွန်တော့်အတွက် ဘာမှသံသယဖြစ်စရာ မရှိခဲ့ဘူး။ ဒါပေမယ့် သင်က ခက်ခဲတဲ့ အချိန်အခါမျိုးမှာ ရှင်သန်နေရချိန်မှာ စိတ်တွေညစ်နိုင်ပေမယ့် ဒီလိုအခြေအနေကနေ လွတ်မြောက်ဖို့အတွက် အဖြေရှာဖို့ ကြိုးစားရမှာဖြစ်ပြီး ကိုယ်တိုင်ရော အသင်းအတွက်ကိုပါ တိုးတတ်လာအောင် ကြိုးစားရမှာပါ။ ဒါကြောင့် ကျွန်တော်ကတော့ ဘယ်တော့မှ ရပ်တန့်မသွားပါဘူး။ အကောင်းဆုံးတွေ ဖြစ်လာအောင် ဆက်လက်ကြိုးစားနေမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

The post အာဆင်နယ်အသင်းမှာ ရုန်းကန်နေရခြင်းက ကစားသမားဘဝအတွင်း အဆိုးရွှားဆုံးပဲလို့ ဝီလီယံပြောဆို appeared first on MySport Myanmar.