လာမယ့်ဘောလုံးရာသီသစ်မှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေများစွာနဲ့ ဖြတ်သန်းသွားတော့မယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိမှာလည်း နာမည်ကျော် ဘောလုံးသမားတွေဖြစ်တဲ့ လီဗာပူးလ်အသင်းရဲ့ နယ်သာလန်ကွင်းလယ်လူ ဝိုင်နယ်ဒန်နဲ့ အင်တာမီလန်အသင်းရဲ့ မော်ရိုကိုနောက်ခံအစွန်လူ ဟာခီမီတို့နဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လို့နေပြီး ကစားသမားတွေရဲ့အေးဂျင့်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Vbet News

ဘိုင်ယန်မြူးနစ်အသင်းဟာ သိပ်မကြာခင်မှာပဲ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နယ်သာလန်လက်ရွေးစင် ဝိုင်နယ်ဒန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိလို့နေတာကြောင့် ကစားသမားရဲ့အေးဂျင့်ဖြစ်သူက သူရဲ့ကစားသမားကို ဘိုင်ယန်ဘက်ကနေသာ တကယ်ခေါ်ယူချင်တယ်ဆိုရင် သူ့ကို ဆက်သွယ်မှုတွေ လုပ်ဆောင်နိုင်တယ်လို့ အသိပေးပြောဆိုခဲ့ပါတယ်။ ဝိုင်နယ်ဒန်ကို လီဗာပူးလ်ဘက်ကနေ စာချုပ်သစ်အတွက် အခုအချိန်ထိ ကမ်းလှမ်းမှုတွေ အသေအချာ မပြုလုပ်သေးသလို ကစားသမားဘက်ကလည်း သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် လက်တွဲဖြုတ်ဖို့က သေချာသလောက်ကို ရှိနေရပါတယ်။ ဒါပေမယ့် ဝိုင်နယ်ဒန်ကို ဘာစီလိုနာ အင်တာမီလန် ပီအက်စ်ဂျီအသင်းတို့က ပစ်မှတ်ထားနေတာမို့ ဘိုင်ယန်အနေနဲ့ ဒီအသင်းတွေနဲ့အပြိုင် ကမ်းလှမ်းရနိုင်ပါတယ်။

Photo Credit : Marca

ဒါ့အပြင် ဘိုင်ယန်အသင်းဟာ နောက်ထပ်ကြယ်ပွင့် ကစားသမားတစ်ယောက်ဖြစ်တဲ့ အင်တာညာနောက်ခံလူ ဟာခီမီကိုလည်း စိတ်ဝင်စားနေတယ်လို့ ကောလဟာလသတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဟာခီမီရဲ့အေးဂျင့်က ဟာခီမီနဲ့ပတ်သက်ပြီး သူ့ကို ဘိုင်ယန်အသင်းဘက်ကနေ တစ်ဦးတစ်ယောက်မှ ဆက်သွယ်ခြင်းမရှိပေမယ့်လည်း ဘိုင်ယန်က ဒီကစားသမားကို စိတ်ဝင်စားလာမှာဆိုရင် အံ့သြမိမှာမဟုတ်သလို ဘယ်ကစားသမားကမှ ဘိုင်ယန်မြူးနစ်အသင်းမှာ မကစားပဲ မနေနိုင်ဘူးလို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ ဟာခီမီဟာ အင်တာမီလန်အသင်းရဲ့ အဓိကနောက်ခံလူ တစ်ဦးဖြစ်သလို အသင်းနဲ့လည်း စကူဒက်တို ချန်ပီယံဆုကို ပိုင်ဆိုင်ထားခဲ့တာဖြစ်ပေမယ့် အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကြောင့် အသင်းရဲ့ ထိပ်သီးကစားသမားတွေကို ရောင်းထုတ်ပြီး အသင်းရဲ့စီးပွားရေး ဟန်ချက်ညီအောင် ထိန်းသိမ်းရဖွယ် ရှိနေပါတယ်။

The post ဝိုင်နယ်ဒန် ဟာခီမီတို့နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေတဲ့ ဘိုင်ယန်မြူးနစ်အသင်း appeared first on MySport Myanmar.