ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လန်ဒန်ဒါဘီပွဲစဉ်တွေအောက်မှာ လန်ဒန်အခြေစိုက်အသင်းတွေများစွာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားတတ်ကြပေမယ့် အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ အနောက်မြောက်လန်ဒန်ဒါဘီပွဲကတော့ တခြားလန်ဒန်ဒါဘီတွေထက်ကို ပိုမိုပြိုင်ဆိုင်မှုက ပြင်းထန်တဲ့အပြင် ဒီအသင်းနှစ်သင်းရဲ့ကြားမှာလည်း အားပြိုင်မှုတွေက ပိုပြီးတော့ကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဒီအသင်း(၂)သင်းက ကွင်းအတွင်းကွင်းအပြင်မှာပါ အားပြိုင်ကြသလို အသင်းသားအချင်းချင်းကလည်း သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေကနေ လှောင်ပြောင်မှုတွေနဲ့အတူ တစ်သင်းကိုတစ်သင်း တိုက်ခိုက်မှုတွေ လုပ်တတ်ကြပါတယ်။

Photo Credit : Daily Mail

အသက်(၃၂)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင် အိုဇေးဟာ သူရဲ့တွစ်တာပေါ်ကနေ ပရိသတ်တွေနဲ့ အမေးအဖြေအစီအစဉ် လုပ်ဆောင်ခဲ့ရာ ပရိသတ်တစ်ဦးက အိုဇေးကို အာဆင်နယ်ရဲ့ ခါးသီးမြို့ခံပြိုင်ဘက်စပါးအသင်းကို ပြောင်းရွှေ့ချင်လား ဒါမှမဟုတ် ကစားသမားဘဝကနေ အနားယူသွားချင်သလားလို့ မေးမြန်းလာခဲ့ရာ အိုဇေးက “ဒါက လွယ်ကူလွန်းတဲ့ မေးခွန်းပဲ။ ကစားသမားဘဝကိုပဲ အဆုံးသတ်လိုက်မှာပေါ့” လို့ ပြန်လည်ဖြေဆိုခဲ့ရာ ဒီစကားလုံးနဲ့ပတ်သက်ပြီး စပါးအသင်းရဲ့နည်းပြ ဟိုဆေးမော်ရင်ဟိုက တုံ့ပြန်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

Photo Credit : Daily Mail

မော်ရင်ဟိုက အိုဇေးရဲ့ ပြောစကားနဲ့ပတ်သက်ပြီး “သူ့ကို ငါတို့အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုရှိနေတယ်လို့ ဘယ်သူကများ ပြောခဲ့လို့လဲ” ဆိုပြီး သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ တကယ်တော့ အိုဇေးနဲ့ မော်ရင်ဟိုတို့နှစ်ယောက်လုံးဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ လက်တွဲခဲ့ကြဖူးသူတွေ ဖြစ်ပေမယ့်လည်း အခုကတော့ နှစ်ယောက်လုံး လန်ဒန်မြို့ခံအသင်းတွေဆီမှာ ရှိနေကြတဲ့အတွက် ပြိုင်ဘက်အဖြစ်နဲ့ ရင်ဆိုင်နေရတာဖြစ်သလို မော်ရင်ဟိုရဲ့တုံ့ပြန်စကားကိုလည်း အိုဇေးဘက်ကနေ ပြန်လည်တုံ့ပြန်လာနိုင်ပါတယ်။ ဒါပေမယ့် အိုဇေးကတော့ မော်ရင်ဟိုရဲ့ ဒါဘီပြိုင်ဘက်အဖြစ် ဆက်လက်ရှိနေဖို့ကတော့ သိပ်မဖြစ်နိုင်တော့ပဲ အခုဆောင်းစျေးကွက်အတွင်းမှာပဲ သူ့ကို နေရာပေးချင်းမရှိတဲ့ အာဆင်နယ်ကနေ ထွက်ခွာဖွယ်ရှိနေပြီး သူငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ တူရကီကလပ် ဖီနာဘာချီအသင်းဆီကို ပြောင်းရွှေ့ရဖွယ် ရှိနေသလို ဖီနာဘာချီအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ အဆင်မပြေ ဖြစ်ခဲ့မယ်ဆိုရင်တော့ သူ့ကို လုပ်ခလစာ များစွာပေးချေနိုင်မယ့် မေဂျာလိဂ် ကလပ်အသင်းတစ်သင်းသင်းဆီ ပြောင်းရွှေ့သွားနိုင်ပါတယ်။

The post အိုဇေးရဲ့ စပါးအသင်းအပေါ် ပြောဆိုခဲ့တဲ့ စကားလုံးတွေကို စပါးနည်းပြမော်ရင်ဟို ပြန်လည်တုံ့ပြန် appeared first on MySport Myanmar.