ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား ဆီဘက်စတီယန်ဟယ်လာကတော့ အခုဆောင်းရာသီစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာပြီး နယ်သာလန် ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ အေဂျက်စ်အသင်းဆီကို ပြောင်းရွေ့ကြေး ယူရို(၂၅)သန်းနဲ့ ပြောင်းရွေ့ဖို့ နီးစပ်လျက်ရှိနေပြီလို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၆)နှစ်အရွယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် တိုက်စစ်ကစားသမား ဟယ်လာဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ ဖရန့်ဖတ်ကနေ ဝက်စ်ဟမ်းကို ပြောင်းရွေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဟယ်လာဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း သွင်းဂိုး(၃)ဂိုးသာ ရယူထားနိုင်ခဲ့တဲ့အပေါ် ဝက်စ်ဟမ်းအသင်းဘက်က စိတ်ပျက်နေရတာကြောင့် အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဥ်လာခဲ့ရာ ဟယ်လာကို ခေါ်ယူဖို့ အေဂျက်စ်အသင်းဘက်ကနေ စိတ်ဝင်စားလာခဲ့ပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်လာခဲ့ပါတယ်။

Photo Credit : Youtube

ဟယ်လာကိုယ်တိုင်ကလည်း သူကျင်လည်ခဲ့ဖူးတဲ့ နယ်သာလန်လိဂ်ပြိုင်ပွဲဆီကို တကျော့ပြန် ရောက်ရှိလာစေချင်နေတာကြောင်​့ အေဂျက်စ်ရဲ့ကမ်းလှမ်းမှုကို သူ့ဘက်ကနေ လက်ခံထားပြီး အပြောင်းအရွေ့ အထမြောက်စေဖို့အတွက် အသင်းနှစ်သင်းရဲ့ကြား ပြောင်းရွေ့ကြေးညှိနှိုင်းရဖို့သာ ကျန်ရှိနေတော့တာဖြစ်ပါတယ်။ ပြင်သစ်ကလပ် အော်ဇေးမှာ စီနီယာကစားသမားဘဝကို စတင်ခဲ့တဲ့ တိုက်စစ်မှူးဟယ်လာဟာ ၂၀၁၅ခုနှစ်မှာပဲ နယ်သာလန်ကလပ် အူးထရက်အသင်းဆီကို အငှားနဲ့လာရောက်ကစားခဲ့ရင်းနဲ့ အသင်းဆီ တစ်ခါတည်းအပြီးသတ် ပြောင်းရွေ့ခဲ့ကာ အသင်းအတွက်ကိုလည်း ပွဲပေါင်း(၉၈)ပွဲအတွင်းမှာ သွင်းဂိုးပေါင်း(၅၁)ဂိုး သွင်းယူနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အူးထရက်မှာ ခြေစွာခဲ့တဲ့ ဟယ်လာကို ဖရန့်ဖတ်အသင်းကနေ ၂၀၁၇ခုနှစ်မှာ ခေါ်ယူခဲ့ပြီး ဟယ်လာကလည်း အခု ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးဖြစ်နေတဲ့ လူကာဂျိုဗစ်နဲ့ တွဲဖက်ကာ ဖရန့်ဖတ်မှာ ခြေစွမ်းပြနို်င်ခဲ့ပါတယ်။ အခုတော့ အဂ်လန်​မြေမှာ အထိုင်မကျ ဖြစ်နေရတဲ့ ဟယ်လာဟာ သူ့အတွက် အောင်မြေဖြစ်ခဲ့ရတဲ့ နယ်သာလန်ကို ပြန်သွားဖို့ နီးစပ်နေပြီဖြစ်ပြီး မကြာခင်မှာပဲ အေဂျက်စ်တိုက်စစ်မှူးသစ် ဖြစ်လာဖွယ်ရှိနေပါတယ်။

The post အေဂျက်စ်အသင်းဆီကို ပြောင်းရွေ့ကစားဖို့ နီးစပ်လျက်ရှိနေတဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူးဟယ်လာ appeared first on MySport Myanmar.