မနေ့ညက အန်ဖီးလ်ကွင်းအတွင်းမှာ ယှဉ်ပြိုင်သွားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ဘရိုက်တန်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကတော့ ဘယ်သူကမှ မထင်ထားခဲ့တဲ့ ရလဒ်မျိုးထွက်ပေါ်သွားခဲ့ရပါတယ်။ ဘောလုံးပရိသတ်အားလုံးက အိမ်ရှင်လီဗာပူးလ်တို့ ဒီပွဲကို သေချာပေါက် အနိုင်ရလိမ့်မယ်လို့ မှန်းဆထားခဲ့ပေမယ့်လည်း မမျှော်လင့်ပဲ ဧည့်သည်ဘရိုက်တန်က အယ်ဇက်တီရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အဝေးကွင်းမှာ လီဗာပူးလ်ကို အံ့အားသင့်သဖွယ် အနိုင်ယူခဲ့ပါတယ်။

Photo Credit : Getty Image

ဒီရှုံးပွဲဟာ လီဗာပူးလ်အသင်း ဒီရာသီမှာ ကြုံတွေ့ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ဒုတိယမြောက် အိမ်ကွင်းရှုံးပွဲဖြစ်ခဲ့ရပြီး ဒီရှုံးပွဲမတိုင်ခင်မှာလည်း ဘန်လေကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရပါသေးတယ်။ အခုဆိုရင် လီဗာပူးလ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ (၇)မှတ်အထိကို ကွာဟသွားခဲ့ပြီဖြစ်ပြီး မန်စီးတီးကလည်း တစ်ပွဲလျော့ အနေအထားရှိနေလို့ လီဗာပူးလ်ကို (၁၀)မှတ်အထိ ဖြတ်တောက်နိုင်မယ့် အနေအထားအထိ ရောက်ရှိလာဖွယ် ရှိနေပါတယ်။ ဒီလို အခြေအနေမျိုးကို ရောက်ရှိနေတဲ့နောက် လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံကစားသမား အန်ဒရူးရောဘတ်ဆန်က သူတို့အသင်းအနေနဲ့ လက်ရှိမှာ ချန်ပီယံပြေးလမ်းအတွင်း ရှိမနေတော့ဘူးလို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

ရောဘတ်ဆန်က “ဘရိုက်တန်အသင်းက ပိုကောင်းတဲ့ အသင်းဖြစ်တယ်ဆိုတာကို ပြသသွားနိုင်ခဲ့တယ်။ ကျွန်တော်တို့အတွက် တကယ့်ကို စိတ်ပျက်ဖွယ်ရာ ရလဒ်ကို ရင်ဆိုင်လိုက်ရတယ်။ သူတို့က အခွင့်အရေးများစွာကို ဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်တို့ကိုလည်း ကောင်းကောင်းဖိအားပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့အသင်းဘက်က လုပ်ဆောင်သွားဖို့ ရှိနေတဲ့အတိုင်း သူတို့က တုံ့ပြန်သွားခဲ့တယ်။ ကျွန်တော်တို့ဘက်က ဘာမှမယ်မယ်ရရ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ရှည်လျားလွန်းလှတဲ့ အိမ်ကွင်းရှုံးပွဲမရှိစံချိန် ကျိုးပျက်ခဲ့ပြီးနောက်မှာ နောက်ထပ်အိမ်ကွင်းရှုံးပွဲကို ထပ်မံကြုံတွေ့ခဲ့ရတယ်။ သင့်အနေနဲ့ ဒီလိုအခြေအနေကနေ ရုန်းထွက်ဖို့ မကြိုးစားနိုင်ရင် ရလဒ်တွေက ဆိုးနေဦးမှာပါပဲ။ ကျွန်တော်တို့တွေ ပွဲတိုင်းကို မတူကွဲပြားတဲ့နည်းတွေနဲ့ ပြင်ဆင်သွားရမှာပါ။ လက်ရှိအချိန်မှာဆိုရင်တော့ ကျွန်တော်တို့က ချန်ပီယံပြေးလမ်းထဲမှာ ရှိမနေပါဘူး။ ကျွန်တော်တို့က မန်စီးတီးရဲ့နောက် (၇)မှတ်ကွာဟနေသလို သူတို့က တစ်ပွဲလျော့နေတဲ့အတွက် (၁၀)မှတ်အထိ ကွာဟသွားရနိုင်ပါတယ် ဒါပေမယ့် ကျွန်တော်တို့အသင်းက အသင်းကောင်းတစ်သင်းအဖြစ် ရှိနေဆဲပါ။ ဒီရှုံးပွဲနဲ့ပဲ ကျွန်တော်တို့အသင်းက အသင်းညံ့တစ်သင်း ဖြစ်မသွားပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

The post သူတို့အသင်းက အခုဆို ချန်ပီယံပြေးလမ်းထဲမှာ ရှိမနေတော့ဘူးလို့ ရောဘတ်ဆန်ဝန်ခံပြောဆို appeared first on MySport Myanmar.