မနေ့ညက အမ်းမရိတ်ကွင်းထဲမှာ ကျင်းပသွားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဗီလာရီးယဲလ်အသင်းတို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အိမ်ရှင်အာဆင်နယ်အနေနဲ့ (၁)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်မျိုးကို ဖော်ဆောင်နိုင်ခဲ့မယ်ဆိုရင်တောင် ဗိုလ်လုပွဲကို တတ်ရောက်နိုင်မှာ ဖြစ်ပေမယ့်လည်း ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် (၁)ဂိုး (၂)ဂိုးနဲ့ ဗီလာရီးယဲလ်က အနိုင်ရသွားခဲ့လို့ အာဆင်နယ်တို့ ဆီမီးအဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

Photo Credit : Twitter

စပိန်မြေမှာ ကစားခဲ့ရတဲ့ ပထမအကျော့မှာ အဖိုးတန်အဝေးဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် အိမ်ကွင်းအထိ မျှော်လင့်ချက် ရှင်သန်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ ကိုယ့်ကံကြမာကို အကောင်းဆုံးဖန်တီးဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း သွင်းဂိုးလုံးဝ သွင်းယူနိုင်ခြင်းမရှိခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရတာဖြစ်ပါတယ်။ တကယ်လို့ အာဆင်နယ်သာ ဗီလာရီးယဲလ်ကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီတုန်းကလို ချန်ပီယံလိဂ်မှာရော ယူရိုပါလိဂ်မှာပါ All-English Final ပွဲတွေအဖြစ် မြင်တွေ့ရမှာဖြစ်ပေမယ့်လည်း အခုတော့ ချန်ပီယံလိဂ်သာ All-English Final ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Goal

ဒီလိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာနဲ့ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာက “ကျွန်တော်တို့တွေအားလုံး ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရတယ်။ တကယ့်ကို စိတ်ပျက်စရာပါ။ ဒါပေမယ့် ဗိုလ်လုပွဲကို တတ်လှမ်းသွားခဲ့တဲ့ ဗီလာရီးယဲလ်အသင်းကိုတော့ ကျွန်တော်တို့ ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့တွေ နောက်ဆုံးမိနစ်အထိကို အပြင်းအထန် ကြိုးစားအားထုတ်ခဲ့တာပါ။ ကျွန်တော်တို့ ဒီပွဲမှာ အနိုင်ရလဒ်ကို ရယူသွားဖို့ ထိုက်တန်တယ်လို့ ကျွန်တော်ထင်မိပါတယ်။ အသင်းက တကယ့်ကို ကြီးကြီးမားမား အခွင့်အရေး (၃)ခုအထိ ရရှိခဲ့ပါတယ်။ သူတို့အသင်းက ဘာအခွင့်အရေးကိုမှ မယ်မယ်ရရ မရလိုက်ဘူး။ ဒါပေမယ့် သူတို့က နောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ပါပြီ။ အကြောင်းအရာတွေများစွာ ကျွန်တော်တို့ဆီမှာ ဖြစ်ပျက်ခဲ့တယ်။ ကစားသမားတော်တော်များများကလည်း သူတို့ရဲ့ အကောင်းဆုံးပုံစံကို မပြသနိုင်ခဲ့ရင်တောင် အသင်းအတွက်ကိုတော့ ကြိုးစားကစားပေးသွားခဲ့တယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ အခုဆိုရင် အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယားအတွင်း အဆင့်(၉)နေရာမှာ ရပ်တည်နေပြီး အဆင့်(၄)နေရာက ချယ်လ်ဆီးအသင်းနဲ့ (၁၂)မှတ် ကွာဟနေလို့ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိနိုင်တော့သလို အဆင့်(၇)နေရာက လီဗာပူးလ်နဲ့လည်း (၅)မှတ်ကွာဟနေလို့ ယူရိုပါလိဂ်ဝင်ခွင့်တောင် မရေမရာ ဖြစ်လို့နေပါတယ်။

The post ရှုံးပွဲကြောင့် အားလုံး ဝမ်းနည်းပက်လက် ဖြစ်နေရတယ်လို့ နည်းပြအာတီတာ ဖွင့်ဟပြောဆို appeared first on MySport Myanmar.