ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာစီးတီး အသင်းနဲ့ အက်စတွန်ဗီလာ အသင်းတို့ ပွဲစဉ်ဟာ အတော်လေး အကြိတ်အနယ် ရှိခဲ့ကြပြီးတော့ စီးတီးရဲ့ ပထမ သွင်းဂိုးနဲ့ ပတ်သက်ပြီး‌ ဘောလုံးပရိသတ်တွေကြားမှာ အတော်လေး အငြင်းပွားဖွယ် ဖြစ်ခဲ့ရပါတယ်။ အဆိုပါ ဖြစ်ရပ်မှာ အဓိက ပါဝင်ပတ်သက်ခဲ့တဲ့ အက်စတွန်ဗီလာ ဗဟိုခံစစ်ကစားသမား ဖြစ်သူ တိုင်ရွန်း မင်းစ် ကတော့ မန်စီးတီး ကစားသမား ရိုဒရီ ကို လူကျွံဘောအဖြစ် မသတ်မှတ်ခဲ့တဲ့ စည်းမျည်းနဲ့ ပတ်သက်ပြီး ကြားတောင် မကြားဖူးကြောင်းနဲ့ အဲ့ဒါက အဓိပ္ပါယ်မရှိကြောင်း တွစ်တာမှာ ပြောဆို ပေါက်ကွဲခဲ့ပါတယ်။ မန်စီးတီး အသင်းအနေနဲ့ အက်စတွန်ဗီလာ ကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီးတော့ ပွဲကစားချိန် နောက်ဆုံး ၁၁ မိနစ်ရောက်ကာမှ သွင်းဂိုးတွေ ရယူနိုင်ခဲ့ပြီး ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Daily Mail

မန်စီးတီး ရဲ့ အဖွင့်ဂိုးမှာ ကွင်းလယ်ခံစစ်ကစားသမားဖြစ်သူ ရိုဒရီ အနေနဲ့ အတော်လေး လူကျွံတဲ့ အနေအထားမှာ ရောက်ရှိနေခဲ့‌တာကြောင့် အကြီးအကျယ် အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ရတာ ဖြစ်ပါတယ်။ အသင်းဖော်ကစားသမားတွေက ရိုဒရီ ဆီကို ဘောလုံးပေးပို့လိုက်တဲ့ အချိန်မှာ ရိုဒရီ အနေနဲ့ လူကျွံအနေအထားမှာ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်၊ အက်စတွန်ဗီလာ ခံစစ်ကစားသမား မင်းစ်က အဆိုပါ ဘောလုံးကို ကြားဖြတ်လုယူခဲ့ပါတယ်။ အဲ့ဒီနောက် မှာတော့ ရိုဒရီက အဆိုပါဘောလုံးကို မင်းစ်ဆီကနေ ပြန်လည် လုယူပြီး ‌ဘာနာဒို ဆေးလ်ဗားကို ဖန်တီး ပေးခဲ့ပြီး မန်စီးတီးက အဖွင့်ဂိုး ရယူသွားခဲ့တာ ဖြစ်ပါတယ်။ ဗီလာ ကစားသမားတွေ အနေနဲ့ အဆိုပါ အခြေအနေနဲ့ ပတ်သက်ပြီး ကွင်းလယ်ဒိုင် အပေါ် စောဒကတတ်မှုတွေ ရှိခဲ့သလို အသင်းရဲ့ ပရိသတ်တွေ၊ ဘောလုံးရေးရာ သုံးသပ်သူတွေ နဲ့ ကွင်းလယ်ဒိုင်လူကြီးဟောင်း ဖြစ်သူ ပီတာ ဝေါလ်တန်ကပါ စီးတီး ကစားသမားအနေနဲ့ လူကျွံခဲ့တယ်ဆိုပြီး ယုံကြည်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Daily Mail

ပွဲအပြီးမှာတော့ မင်းစ်ရဲ့ တမင်ရည်ရွယ်တဲ့ ဘောလုံးဟန့်တားပုံက ရိုဒရီ အတွက် လူကျွံအနေအထားမှာ မရောက်ရှိစေခဲ့တာ ဖြစ်ကြောင်း ရှင်းပြသုံးသပ်ခဲ့ကြပါတယ်။ မင်းစ် အနေနဲ့ အဆိုပါ အကြောင်းအရာကို သူ့ရဲ့ တွစ်တာမှာ အဓိပ္ပါယ်မရှိဘူး ဆိုပြီး ပြန်လည် မျှဝေခဲ့ပါတယ်။ ဗီလာ နည်းပြဖြစ်သူ ဒင်းစမစ် အနေနဲ့လည်း အဆိုပါ ဆုံးဖြတ်ချက်အတွက် ဒေါသ ထွက်ခဲ့ပြီးတော့ စတုတ္ထဒိုင်လူကြီး အပေါ် စောဒကတတ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်ရဲ့ အနီကတ် ပြသခြင်းကို ခံခဲ့ရပါတယ်။ ပွဲအပြီးမှာ ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင်လူကြီးဟောင်း ဒါးမော့ ဂါလေဂါ ကလည်း ဗီလာ အနေနဲ့ စည်းမျည်းရဲ့ သားကောင် ဖြစ်ခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော့်အထင် အက်စတွန်ဗီလာက ကွင်းလယ်ဒိုင်နဲ့ VAR ထက် ဘောလုံးစည်းမျည်းတွေရဲ့ သားကောင် ဖြစ်ခဲ့ရတယ်လို့ ထင်ပါတယ်။ ရိုဒရီက လုံးဝကို လူကျွံ အနေအထားမှာ ရောက်နေခဲ့တာပါ၊ ဒါပေမယ့် မင်းစ်က ဘောလုံးကို တစ်ချက်လေး ထိလိုက်မိပြီဆိုတာနဲ့ သူက အဲ့ဒီဘောလုံးရဲ့ ပိုင်ရှင် ဖြစ်သွားပါပြီ၊ ဒါကြောင့်လည်း ရိုဒရီက သူ့ဆီက လုလို့ရသွားတာပါ။ ဒါက စည်းမျည်းတွေ ဘယ်လို ချမှတ်ထားလဲဆိုတာပါပဲ။ ဒါက လူတိုင်းအတွက်တော့ လက်ခံနိုင်စရာ မဟုတ်တာသေချာပါတယ်၊ ဒါပေမယ့် စည်းမျဉ်းတွေဆိုတာ ဒီလိုပါပဲ ” လို့ပြောဆိုသွားခဲ့ပါတယ်။

The post မန်စီးတီးရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့တာက အဓိပ္ပါယ်မရှိဘူးလို့ ပေါက်ကွဲခဲ့တဲ့ တိုင်ရွန်းမင်းစ် appeared first on MySport Myanmar.