မနေ့ညက စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ချယ်လ်ဆီးအသင်းဘက် အသင်းရဲ့ လူစာရင်းအတွင်း အင်္ဂလန်တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကို ထည့်သွင်းလာခဲ့ခြင်းမရှိပဲ ချန်လှပ်ထားခဲ့ရတာဟာ သူ့အတွက်တော့ အရမ်းကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ရတာဖြစ်တယ်လို့ ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးနည်းပြ တူဟယ်လ်ဟာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရချိန်မှာ အသင်းရဲ့အထောင်တိုက်စစ်မှူးအဖြစ် ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗာဂျရူးကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းအသုံးပြုခဲ့သလို ဒုတိယပိုင်းမှာလည်း ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာကို ထည့်သွင်းခဲ့တာဖြစ်ပြီး နောက်ထပ်တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ အေဘရာဟမ်ကတော့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ဒီလို အေဘရာဟမ်ကို ချန်လှပ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်က “ကစားသမား ရွေးချယ်မှုအရ အသင်းအတွက် အတောင့်တင်းဆုံး ကစားသမား(၂၁)ယောက် ရှိနေပေမယ့် တကယ့်ပွဲစဉ်မှာကတော့ (၁၈)ထဲသာ ရွေးချယ်ရတာပါ”

Photo Credit : Metro

“ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရတာက ကျွန်တော်ရဲ့အလုပ်ပါပဲ။ ကစားသမား(၁၈)ယောက်အတွက် ကျွန်တော်ဆုံးဖြတ်ပြီးနောက်မှာတော့ တမ်မီက ဒီစာရင်းထဲကနေ ကျန်ရစ်နေခဲ့ရတယ်။ ကျွန်တော်ရဲ့ရွေးချယ်မှုထဲမှာ သူ့ကို ထည့်သွင်းဖို့က အဆင်မပြေ ဖြစ်ခဲ့ရတယ်။ ကစားသမား(၁၈)ယောက်ကို ရွေးချယ်တဲ့အခါ ပွဲထွက်ကစားသမား(၁၁)ယောက်အပြင် အရန်ဂိုးသမားတစ်ယောက်ကို ရွေးချယ်ရမှာကတော့ ရှင်းပါတယ်။ နောက်ပြီး ရှုံးထွက်ပွဲစဉ်တွေမှာနဲ့ အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ အတော်လေးကို ကြိုးစားကစားထားနိုင်တဲ့ ဂေးလ်မောကို မထည့်သွင်းထားဘူးဆိုရင် မမျှတတဲ့ ဆုံးဖြတ်ချက် ဖြစ်သွားမှာပါ။ ဒါကြောင့် ဆုံးဖြတ်ချက်ချဖို့က ပိုခက်ခဲသွားတယ်။ ပထမဆုံး ကျွန်တော် ဂျရူးကို အသင်းအတွက် ပွဲထွက်ကစားမယ့် အထောင်တိုက်စစ်မှူးအဖြစ် ရွေးချယ်တယ်။ တီမိုဝါနာကိုလည်း အရန်စာရင်းမှာ ထည့်သွင်းလာတယ်။ နောက်ပြီး အရန်မှာ ပါလာခဲ့တဲ့ ကိုင်းလ်ဟားဗက်ဇ်ကလည်း နံပါတ်(၉)နေရာမှာ ကစားတတ်သူ ဖြစ်နေတာကြောင့် အထောင်တိုက်စစ်နေရာမှာ ကစားတတ်သေးတဲ့ (၄)ယောက်မြောက် ကစားသမားကို ထပ်ပြီး ရွေးချယ်စရာ မလိုအောင် ဖြစ်သွားခဲ့ရတာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

The post အေဘရာဟမ်ကို လူစာရင်းကနေ ချန်လှပ်ခဲ့ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်လို့ တူဟယ်လ်ပြောဆို်တ appeared first on MySport Myanmar.