ပြီးခဲ့တဲ့ စနေနေ့တုန်းက ဝင်ဘလေကွင်းမှာ ကျင်းပခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ လက်စတာစီးတီးအသင်းတို့ရဲ့ အက်အေဖလားဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းဘက်ကနေ တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ် ပွဲထွက်ကစားသမားအဖြစ်နဲ့ရော အရန်စာရင်းမှာပါ လုံးဝကို ပါဝင်လာခြင်းမရှိတဲ့အပေါ် ကစားသမားရဲ့ချစ်သူက ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်ခဲ့ပြီး တူဟယ်လ်ကိုယ်တိုင်ကပါ ဒီကိစ္စကို ဖြေရှင်းပြောဆိုမှုတွေ ပြုလုပ်လာခဲ့ရပါတယ်။

Photo Credit : BBC

အေဘရာဟမ်ကို အက်အေဖလား လူစာရင်းကနေ ချန်လှပ်ခဲ့တာနဲ့ပတ်သက်ပြီး ကစားသမားရဲ့ချစ်သူ လီယာမွန်ရိုးက မကျေမနပ် ဖြစ်ခဲ့ရကာ သူမရဲ့ Instagram ကနေတစ်ဆင့် နည်းပြတူဟယ်လ်အပေါ် ဝေဖန်မှုတွေ လုပ်သွားခဲ့ပါတယ်။ လီယာမွန်ရိုးက “သင့်အနေနဲ့ အက်အေဖလားပြိုင်ပွဲမှာ အသင်းအတွက် ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမားမျိုးကို အခုလို ဗိုလ်လုပွဲစဉ်မှာ အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ဖို့ ဘယ်လိုများ ဆုံးဖြတ်ခဲ့ရတာလဲ။ ဒီပြိုင်ပွဲမှာ သူ့လောက် ဂိုးတွေသွင်းယူပေးခဲ့တဲ့ ကစားသမားမျိုးမှ မရှိခဲ့တာ။ ဒါဟာ တကယ့်ကို အဓိပ္ပာယ်မရှိလှပါဘူး” လို့ ပြစ်တင်သွားခဲ့ပါတယ်။

Photo Credit : Football Transfer News

ဒီကိစ္စနဲ့ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်က “ဒါက ဒီပွဲစဉ်အတွက် ကျွန်တော်ရွေးချယ်လို့ ရနိုင်တဲ့ ကစားသမားအရေအတွက်ကြောင့်ပါပဲ။ ကျွန်တော်က တီမိုဝါနာကို အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ပြီး အရန်စာရင်းမှာတော့ အိုလီဗာဂျရူးနဲ့ ကိုင်းလ်ဟားဗက်ဇ်တို့ ရှိနေတယ်ပေါ့။ ဒါကြောင့် အရန်စာရင်းမှာပဲ အထောင်တိုက်စစ်ကစားသမား (၃)ယောက်ကို မထားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ရတယ်။ အဲ့ဒါပါပဲ။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေကြောင့်တော့ လုံးဝမဟုတ်ပါဘူး။ တကယ်လို့ ကိုဗာဆစ်နဲ့ ခရစ္စတန်ဆန်တို့သာ ဒဏ်ရာကနေ သက်သာနေမယ်ဆိုရင် အဲ့ဒီလူစာရင်းကနေ ကစားသမား(၂)ယောက်လောက်ကိုတောင် ကျွန်တော် ချန်လှပ်ရဦးမှာပါ။ ကျွန်တော် ဒီအသင်းကို စရောက်ခင်ကတည်းက ကစားသမားအားလုံး ပွဲထွက်ကစားဖို့အတွက် ထိုက်တန်နေသူတွေမှန်း သိခဲ့ရတယ်။ ဒီလိုအခြေအနေမှာ ကစားသမားကိုယ်တိုင် မကျေမနပ် ဖြစ်နေနိုင်တာကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာက ကစားသမားတွေများစွာ ရှိနေတာမို့လို့ ဒီလိုအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ တခြားကစားသမားတွေလည်း ရှိနေဦးမှာပါ။ အခုက ဒါတွေကို ရှင်းလင်းပြောနေရမယ့် အချိန်မျိုး မဟုတ်ပါဘူး။ ဒီရာသီရဲ့ လက်ကျန်ပွဲတွေကိုပဲ ဆက်ပြီးအာရုံစိုက်ထားရမှာပါ”’ လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

The post အေဘရာဟမ်ကို ချန်လှပ်ရခြင်းဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာကြောင့် မဟုတ်ဘူးလို့ တူဟယ်လ်ရှင်းလင်း appeared first on MySport Myanmar.