ခန္ဓာကိုယ်ကမဝပေမယ့် ဗိုက်နဲ့ခါးမှာပဲ အဆီတွေများနေတဲ့သူတွေ၊ ဗိုက်ခေါက်ထွက်တဲ့သူတွေ အများကြီးရှိပါတယ်။ တချို့ကျတော့လည်း လေ့ကျင့်ခန်းလည်းလုပ်နေပါရက်နဲ့ ဗိုက်အဆီတွေက ကျမသွားပဲ ဒီတိုင်းပဲဖြစ်နေတာမျိုးလည်း ရှိပါတယ်။ ဒါက ကိုယ်နေထိုင်မှုပုံစံနဲ့ ကိုယ်လုပ်မိနေတဲ့အမှားတချို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ထက်တစ်နေ့ ဗိုက်နဲ့ခါးမှာ အဆီတွေပိုစုလာရတဲ့ အကြောင်းအရင်းကို ပြောပြပေးချင်ပါတယ်။

ညဘက်မှာအစာစားခြင်း

တချို့ကျတော့ အစားရှောင်ပြီး၊ အစာမစားပဲနေပြီး ညဘက်ရောက်မှ မနေနိုင်တော့လို့ စားလိုက်ကြတယ်။ တချို့ကျတော့လည်း ညဘက်တွေနောက်ကျမှအိပ်ပြီး ဗိုက်ဆာလို့ စားကြတယ်။ ဒီလိုညဘက်မှစားတာတွေက အရမ်းဝိတ်တက်၊ အဆီတက်စေပါတယ်။ နောက်တစ်ခုက ညဘက်မှာဆို လှုပ်ရှားမှုနည်းတော့ စားသမျှကလည်း ဗိုက်မှာပဲ အဆီသွားစုပါတယ်။

စားပြီးရင်လှုပ်ရှားမှုမရှိခြင်း

ထမင်းစားပြီးရင်ပဲဖြစ်ဖြစ်၊ ဗိုက်ပြည့်အောင်တစ်ခုခုစားပြီးတိုင်းမှာ လမ်းလျှောက်ပေးရပါတယ်။ အဲ့လိုမဟုတ်ပဲ စားပြီးတိုင်းမှာ လှုပ်ရှားမှုမရှိပဲ ထိုင်နေမယ်၊ လှဲနေမယ်ဆိုရင်တော့ စားထားသမျှအားလုံးက ဗိုက်နဲ့ခါးမှာပဲ အဆီသွားစုပါလိမ့်မယ်။

အထိုင်များခြင်း

ခုနကပြောသလို စားပြီးမှထိုင်တာမျိုးမဟုတ်ပဲ တချို့ကျတော့ အထိုင်ကိုများနေတာပါ။ အထူးသဖြင့် ကွန်ပြူတာနဲ့လုပ်ရတဲ့သူတွေ၊ အထိုင်လုပ်ရတဲ့အလုပ်မျိုး လုပ်နေသူတွေအတွက်က အချိန်အကြာကြီး တောက်လျှောက် ၇ နာရီ၊ ၈ နာရီနီးပါး ထိုင်နေရတဲ့အတွက် ခန္ဓာကိုယ်ကလှုပ်ရှားမှုမရှိတော့ အဆီတက်စေပါတယ်။ အထူးသဖြင့် ဗိုက်မှာပဲ အဆီစုပါတယ်။

အိပ်ချိန်မလုံလောက်ခြင်း

အိပ်ချိန်က ပုံမှန် ၈ နာရီရှိရပါမယ်။ တစ်ညကို ၅ နာရီနဲ့ ၅ နာရီအောက်ပဲ အိပ်ချိန်ရှိတဲ့သူက ဝိတ် ၃၂ ပေါင်အထိ တက်နိုင်ပါတယ်တဲ့နော်။
ဝိတ်တက်၊ အဆီတက်စေပြီး အဆီတက်ပြီဆိုရင်လည်း အရင်ဆုံး ဗိုက်ကနေပဲစတာပါ။

အဆီအစိမ့်နဲ့အချိုတွေစားတာ

ဘယ်လောက်ပဲ လေ့ကျင့်ခန်းတွေလုပ်နေပါစေ အဆီအစိမ့်တွေနဲ့ အချိုတွေကို စားနေတုန်းပဲဆိုရင်တော့ ဗိုက်နဲ့ခါးမှာ အဆီတွေရှိနေအုန်းမှာပါပဲ။ ကြိုက်ရင်တောင် တစ်ပတ်တစ်ခါလောက်ပဲစားတာ အကောင်းဆုံးပါ။

photo source: www.freepik.com