ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောက်လုနီးပါး ဖြစ်ခဲ့ရတဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ဂျေဒန်ဆန်ချိုဟာ တကယ်တမ်းမှာတော့ အသင်းပြောင်းရခြင်း မရှိခဲ့ပဲနဲ့ သူရဲ့လက်ရှိကလပ် ဒေါ့မွန်အသင်းမှာပဲ ကျန်ရစ်ခဲ့ရပါတယ်။ ဒေါ့မွန်ဘက်ကတော့ ဆန်ချိုလို ကြယ်ပွင့်ကစားသမားမျိုးကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်တာ သူတို့အသင်းအတွက် အောင်မြင်မှုတစ်ရပ်လို့ ဆိုနိုင်ပေမယ့် ဆန်ချိုရဲ့ခြေစွမ်းတွေကတော့ အရင်ကလောက် တောက်ပမှုတွေ မရှိတော့ပဲ ဒီရာသီအတွင်း ခြေစွမ်းပြဖို့ ရုန်းကန်လာခဲ့ရပါတယ်။

Photo Credit : Bein Sport

ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး ဆန်ချိုရဲ့ ခြေစွမ်းကျဆင်းလာမှုတွေဟာ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ရခြင်းမရှိခဲ့တာကြောင့်လို့ သတင်းမီဒီယာတချို့ကနေ သုံးသပ်ဖော်ပြနေကြပြီး ဆန်ချိုကိုယ်တိုင်ကလည်း ဒီရာသီအတွင်း ဒေါ့မွန်အသင်းအတွက် ပထမဆုံးသော ဘွန်ဒစ်လီဂါသွင်းဂိုးကို ၂၀၂၁ခုနှစ်ရောက်မှ စတင်သွင်းယူနိုင်ခဲ့တာဖြစ်ကာ (၁၃)ပွဲအတွင်း (၂)ဂိုးပဲ ရယူထားနိုင်ခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဆန်ချိုက “ဒီနှစ်ဘောလုံးရာသီက ကျွန်တော့်အတွက်ဆိုရင်တော့ သိသိသာသာကို ခက်ခဲမှုတွေ ပြည့်နက်နေတဲ့ ရာသီတစ်ခုပါ”

Photo Credit : Goal

“ဒါကြောင့် ကျွန်တော်ရဲ့စွမ်းဆောင်ရည်တွေ ကျဆင်းနေပြီဆိုတာ သတိထားမိချင်းမှာပဲ ပွဲတိုင်းကို အာရုံပိုစိုက်လာခဲ့တယ်။ အရင်လို ပုံစံကောင်းမျိုး ပြန်လည်ပြသနိုင်ဖို့ကိုလည်း ကြိုးစားလာခဲ့တယ်။ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာရော ပွဲစဉ်တွေအတွင်းမှာပါ ကျွန်တော်နေ့စဉ်တိုင်း ကြိုးစားနေပါတယ်။ အသင်းအတွက် သွင်းဂိုးတွေ သွင်းယူနိုင်နေတာရော ဂိုးဖန်တီးမှုတွေ လုပ်ဆောင်ပေးနိုင်တာကိုပါ ကျွန်တော်အရမ်းဝမ်းမြောက်မိပါတယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ လူငယ်ကစားသမားဟောင်းဆန်ချိုဟာ နွေစျေးကွက်တုန်းက ယူနိုက်တက်အသင်းရဲ့ အကြိမ်ကြိမ်ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပြီး သူကိုယ်တိုုင်ကလည်း အင်္ဂလန်မှာ ပြန်လည်ကစားဖို့ စိတ်ဆန္ဒရှိနေခဲ့ပြီး ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းဖို့ကို စိတ်အားထက်သန်မှုတွေ ပြသခဲ့ပေမယ့် ယူနိုက်တက်ဘက်ကနေ ဒေါ့မွန်အသင်း အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးအတိုင်း မကမ်းလှမ်းနိုင်ခဲ့တဲ့အတွက် အပြောင်းအရွှေ့က အထမမြောက်လာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဘက်ကတော့ ဆန်ချိုကို ခေါ်ယူသွားဖို့ လက်မလျော့သေးပဲ လာမယ့်နွေစျေးကွက် ဖွင့်လှစ်ချိန်မှာ ဆန်ချိုအတွက် နောက်ထပ်ကမ်းလှမ်းမှုတွေ ထပ်မံလုပ်ဆောင်သွားဖို့ ရှိနေသလို ဆန်ချိုရဲ့အသင်းဖော် တိုက်စစ်မှူးအာလင်းဟာလန်းကိုပါ ပစ်မှတ်ထားလို့နေပါတယ်။

The post ဒီနှစ်ဘောလုံးရာသီက သူ့အတွက် အလွန်ခက်ခဲတဲ့ရာသီတစ်ခု ဖြစ်ခဲ့တယ်လို့ ဆန်ချိုဖွင့်ဟ appeared first on MySport Myanmar.