လီဗာပူးလ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒီမီတာဟာမန်းက ဒီနှစ်ဘောလုံးရာသီကမှ လီဗာပူးလ်ကို ရောက်ရှိလာခဲ့တဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာဟာ တကယ့်ကို အရည်အသွေးကောင်းတဲ့ စကေးကောင်းမွန်လှတဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်နေပေမယ့်လည်း လီဗာပူးလ်အသင်းရဲ့ ကစားဟန်နဲ့ အံ့ဝင်အောင် မကစားနိုင်တာက အသင်းအတွက် သတိထားစရာ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်ကွင်းလယ်ကစားသမား သီယာဂိုဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ လီဗာပူးလ်အသင်းဆီကို ပြီးခဲ့တဲ့နွေစျေးကွက်ကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံ(၆)ပွဲကစားထားနိုင်ခဲ့ပါတယ်။ သီယာဂိုဟာ ဘောလုံးစကေးကောင်းတဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်း သူရဲ့ကလပ်အသင်းဟောင်း ဘိုင်ယန်ကို ချန်ပီယံလိဂ်ဖလား ပိုင်ဆိုင်နိုင်အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် သီယာဂိုက လီဗာပူးလ်မှာ ရှိနေတဲ့ ကွင်းလယ်ကစားသမားတွေနဲ့ မတူကွဲပြားနေတာကြောင့်ရော လီဗာပူးလ်ရဲ့ ကစားဟန်နဲ့ မတူညီနေတာကပါ အသင်းအတွက် သတိထားစရာ ဖြစ်လာနိုင်တယ်လို့ ဟာမန်းက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဟာမန်းက “သူရဲ့ကစားဟန်က နှေးကွေးလို့နေပြီး လီဗာပူးလ်အသင်းရဲ့ ကစားဟန်အတိုင်း တကယ်မကစားခဲ့ဘူး။ လီဗာပူးလ်အသင်းဆိုတာ အရင်ကတည်းက လုပ်အားနှုန်းကောင်းတဲ့ အရမ်းကို ကြိုးစားကစားတတ်တဲ့ ကွင်းလယ်ကစားသမားတွေကို ပိုင်ဆိုင်ခဲ့တဲ့ အသင်း။ သူတို့တွေက သီယာဂိုလိုတော့ စကေးပိုင်း ကြွယ်ဝကြမှာ မဟုတ်ပေမယ့်လည်း မာနေးနဲ့ ဆာလာတို့ဆီကိုတော့ ဘောလုံးကို အလျင်အမြန် ချပေးနိုင်တတ်တယ်။ တကယ်လို့ ခင်ဗျားက တောင်ပံဘက်ကို အလျင်အမြန် ဘောလုံးပေးလိုက်နိုင်မယ်ဆိုရင် ဒီကစားသမားတွေက ဘောလုံးနဲ့အတူ ဆွဲပြေးသွားမှာဖြစ်သလို သူတို့ကိုလည်း တားဆီးဖို့ ခက်ခဲသွားလိမ့်မယ်။ သီယာဂိုနဲ့ပတ်သက်ပြီး ကျွန်တော်ထင်မိတာတော့ လူတိုင်းက သူဒီကိုရောက်လာတာကို ပျော်ရွှင်ကြတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာ ဒုတိယပိုင်းကို သူဝင်ကစားတယ်။ ချယ်လ်ဆီးတစ်သင်းသားလုံးထက်ကို သူရဲ့ပေးပို့မှုက များနေတယ်။ နယူးကာဆဲလ်နဲ့ပွဲမှာ (၂၅)မိနစ် ဝင်ကစားတယ်။ ကာဆဲလ်ကို ရပ်တန့်ပစ်နိုင်တယ်။ ပရိသတ်တွေက သူဘယ်လောက်ကောင်းကြောင်း ချီးမွမ်းကြတယ်။ သူက ကစားသမားကောင်းတစ်ယောက်ဆိုတာကို ကျွန်တော်ပြောနိုင်ပါတယ်။ ဒါပေမယ့် သူက ဘောလုံးပိုင်ဆိုင်မှုများတာကို သဘောကျတဲ့သူပါ။ လီဗာပူးလ်က ဘောလုံး Possession မရှိချိန်မှာဆို ကစားတာ ပိုကောင်းပါတယ်။ ဘောလုံးပြန်ရအောင် Pressing လုပ်မယ် ပြီးရင် လျင်မြန်စွာ တိုက်စစ်ဆင်မယ်။ သူက ဒီလိုပုံစံ ကစားသမားမျိုး မဟုတ်ပါဘူး နောက်ပြီး ဘိုင်ယန်မှာ ရှိနေစဉ်တုန်းကလည်း ပွဲထွက်လူစာရင်းထဲ သူပါလာတယ်ဆိုရင် ပရိသတ်တချို့က သိပ်မနှစ်သက်သလိုပါပဲ။ ဒါက သတိထားစရာပါ” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

The post သီယာဂိုအယ်ကန်တာရာက လီဗာပူးလ်အသင်းရဲ့ ကစားဟန်နဲ့ အံ့ဝင်မှုမရှိဘူးလို့ ဟာမန်းသုံးသပ်ပြောဆို appeared first on MySport Myanmar.