မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းမှာ ကျင်းပသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်စတာစီးတီးအသင်းတို့ရဲ့ အိမ်ရှင်ယူနိုက်တက်အသင်းက (၁)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်လိုက်တာကြောင့် ရာသီမသိမ်းခင်မှာပဲ အမှတ်ပေးဇယားကို ဦးဆောင်လို့နေတဲ့ မန်စီးတီးအသင်းက စုစုပေါင်းရမှတ် (၈၀)နဲ့ ဒုတိယနေရာက ယူနိုက်တက်ကို (၁၀)မှတ်ဖြတ်တောက်ပြီး ဒီနှစ်ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : Clydebank Post

မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီရဲ့ အစပိုင်းမှာ ရလဒ်မတည်ငြိမ်မှုတွေနဲ့ ရုန်းကန်ခဲ့ရပြီး စပါးအသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်လိုက်ရတဲ့ နိုဝင်ဘာလအတွင်းမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၁)အထိကိုတောင် ရောက်ရှိခဲ့ရပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ရာသီပိတ်သိမ်းဖို့ (၃)ပွဲအလိုမှာပဲ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထိုကထိုက်တန်တန် ပိုင်ဆိုင်သွားခဲ့ရတဲ့အပြင် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအဆင့်ထိကို တတ်လှမ်းထားနိုင်တာကြောင့် ဒီရာသီရဲ့ တတိယမြောက် ဆုဖလားကိုပါ မျှော်မှန်းနေနိုင်တာဖြစ်ပါတယ်။

Photo Credit : Goal

အခုလို ပရီးမီးယားလိဂ်ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက “ဒီနှစ်ဘောလုံးရာသီကရော ဒီနှစ်မှာ ပိုင်ဆိုင်လိုက်ရတဲ့ ပရီးမီးယားလိဂ်ဆုဖလားကပါ ယခင်နှစ်တွေနဲ့ ကွာခြားပါတယ်။ ဒီတစ်ကြိမ်က အခက်ခဲဆုံးပါပဲ။ ကျွန်တော်တို့အခု ချန်ပီယံဖြစ်ခဲ့ရတဲ့ လမ်းကြောင်းအတိုင်းသာဆိုရင် ဒီနှစ်ဘောလုံးရာသီကို ကျွန်တော်တို့တွေ အမြဲတမ်း အမှတ်တရ ရှိနေရမှာပါ။ ကျွန်တော်အနေနဲ့ကတော့ ဒီအသင်းမှာ နည်းပြရတာကိုရော ဒီကစားသမားတွေကို နည်းပြရတာကိုပါ အရမ်းဂုဏ်ယူမိတယ်။ ဒီရာသီအတွင်းမှာ ကျွန်တော်တို့တွေ ကန့်သတ်ချက်တွေနဲ့ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပေမယ့် ဒါတွေကို ကြံကြံခိုင်ပြီး ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ဒါက တကယ့်ကို အမှတ်ရစရာကောင်းပါတယ်။ ဒါက မဆုတ်မနစ် ကြိုးစားမှုရဲ့ ရလဒ်ပါပဲ။ နေ့စဉ်နေ့တိုင်းလိုလို အသင်းသားတွေက အောင်မြင်မှုအတွက် တိုက်ပွဲဝင်ကြတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပိုပြီးကောင်းသထက် ကောင်းလာအောင် ကြိုးစားအားထုတ်ကြတယ်။ နောက်ပြီး သူတို့တွေက ခံနိုင်ရည်အားလည်း အလွန်ကို ရှိကြပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ မန်စီးတီးအသင်းဟာ ဒီရာသီအတွင်း ခါရာဘောင်းလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

The post ဒီရာသီ ပရီးမီးယားလိဂ်ဖလားဟာ သူတို့အတွက် အခက်ခဲဆုံးသော ဆုဖလားလို့ ဂွာဒီယိုလာပြောဆို appeared first on MySport Myanmar.