မန်ချက်စတာစီးတီးအသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဆာဂျီယိုအဂွဲရိုးကတော့ သူရဲ့အသင်းနဲ့ လက်တွဲဖြုတ်ဖို့ လပိုင်းလောက်သာ လိုပါတော့တယ်။ ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အဂွဲရိုးလို World Class တိုက်စစ်မှူးတစ်ယောက်ကို ကလပ်အသင်းတိုင်းလိုလိုက စိတ်ဝင်စားနေကြပြီး ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကလည်း ပစ်မှတ်ထားနေကြတာဖြစ်လို့ အဂွဲရိုးတစ်ယောက် လာမယ့်နွေစျေးကွက်မှာ ဘယ်အသင်းကို ရောက်သွားမလဲဆိုတာက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။

Photo Credit : Football Espana

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနား တိုက်စစ်မှူး အဂွဲရိုးဟာ ၂၀၁၁ခုနှစ်ကတည်းက မန်စီးတီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ဆယ်စုနှစ်တစ်ခုနီးပါး ကျင်လည်ခဲ့ပြီးနောက် မန်စီးတီးရဲ့ သွင်းဂိုးအများဆုံးသူ ပရီးမီးယားလိဂ်ရဲ့ စတုတ္ထမြောက် သွင်းဂိုးအများဆုံးသူအဖြစ် စံချိန်မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ခဲ့ရပါတယ်။ တကယ်လို့ အဂွဲရိုးဟာ မန်စီးတီးကနေ နောက်ထပ် အင်္ဂလန်ကလပ်အသင်းတစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့မယ်ဆိုရင် ပရီးမီးယားလိဂ်ရဲ့ တတိယမြောက် ဒါမှမဟုတ် ဒုတိယမြောက် သွင်းဂိုးအများဆုံးသူအဖြစ်နဲ့ပါ ထပ်မံစံချိန်သစ်တင်ဖွယ် ရှိနေပါတယ်။

Photo Credit : AS English

လက်ရှိမှာလည်း တိုက်စစ်မှူး အဂွဲရိုးကို ချယ်လ်ဆီး အာဆင်နယ် စပါးနဲ့ လိဒ်စ်ယူနိုက်တက်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကနေ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး တကယ်လို့ အဂွဲရိုးကလည်း ဒီအသင်းတွေထဲက တစ်သင်းသင်းကို ရွေးချယ်သွားမယ်ဆိုလည်း သူတို့အတွက် စိတ်ပူစရာ မရှိပဲ အဆင်ပြေတယ်လို့ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။ ဂွာဒီယိုလာက “ဆာဂျီယိုအတွက် အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ ကျွန်တော်တို့အားလုံးကနေ ဆန္ဒပြုလို့နေပါတယ်။ ဆာဂျီယိုအတွက် သူရဲ့ကစားသမားဘဝ နှောင်းပိုင်းကာလတွေမှာ အကောင်းဆုံးတွေ ဖြစ်လာစေချင်ပါတယ်။ သူဘယ်လိုပဲ ဆုံးဖြတ်ချက်တွေ ချမှတ်သွားပါစေ ကျွန်တော်တို့က သူရဲ့ဆုံးဖြတ်ချက်တွေကို အမြဲတမ်း ကြိုဆိုနေမှာပါ။ ဒီဆုံးဖြတ်ချက်တွေက သူနဲ့ သူရဲ့မိသားစုအတွက် အကောင်းဆုံးအရာတွေ ဖြစ်စေဖို့လည်း ဆန္ဒပြုပါတယ်။ သူ့အတွက် အကောင်းဆုံးတွေ ဖြစ်လာခြင်းက ကျွန်တော်တို့အတွက်ပါ အကောင်းဆုံးတွေ ဖြစ်လာသလိုပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။

The post အဂွဲရိုး အင်္ဂလန်မှာပဲ ဆက်ရှိနေမယ်ဆိုရင်လည်း သူတို့အတွက် အဆင်ပြေတယ်လို့ ဂွာဒီယိုလာပြောဆို appeared first on MySport Myanmar.