ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတသင်း ဖြစ်တဲ့ တော့တင်ဟမ်ဟော့ စပါးအသင်းဟာ ချန်ပီယံရှစ်ကလပ် နောဝှစ်ချ်အသင်းရဲ့ လူငယ် ညာနောက်ခံလူ မက်စ်အာရွန်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေကြောင်း အင်္ဂလန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ယူ-၂၁ အသင်းရဲ့ လက်ရွေးစင် အာရွန်ဟာ နောဝှစ်ချ်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတဦး ဖြစ်ပြီး နောဝှစ်ချ်အသင်း အတွက် စုစုပေါင်း ၁၂၅ပွဲ အထိ ကစားပေးထားကာ သွင်းဂိုး ၅ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၂ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ အာရွန်ကို ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ဂျာမန် အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်း ၊ အာဆင်နယ်အသင်းတို့က ကြိုးပမ်းခဲ့ကြတာ ဖြစ်ပြီး နောဝှစ်ချ်အသင်းက သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့်ကို ရောင်းချဖို့ ငြင်းဆန်ခဲ့သလို အာရွန်ကလည်း သူ့ရဲ့ တိုးတက်မှုအတွက် နောဝှစ်ချ်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိ ဘောလုံးရာသီမှာတော့ အာရွန်ရဲ့ ခြေစွမ်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကထက် ပိုမို တိုးတက်လာသလို နောဝှစ်ချ်အသင်းဟာလည်း ချန်ပီယံရှစ်ပြိုင်ပွဲ ကနေ ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်နိုင်ခဲ့တာကြောင့် အာရွန်ဟာ နောဝှစ်ချ်အသင်းထက် ပိုမို ကြီးမားတဲ့ အသင်းတသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားနေပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ Football Insiderရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ အာရွန်ကို ခေါ်ယူဖို့ အတွက် အဲဗာတန်အသင်းနဲ့ အပြိုင် ကြိုးပမ်းနေပြီး အာရွန်ကတော့ အဲဗာတန်အသင်းထက် စပါးအသင်းထံ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ နောဝှစ်ချ်အသင်းကတော့ သူတို့အသင်းရဲ့ လူငယ် ကြယ်ပွင့်ဖြစ်သူ အာရွန်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းချင်နေပေမယ့် အာရွန်ရဲ့ ဆန္ဒကို လိုက်လျောတဲ့ အနေနဲ့ အာရွန်အတွက် သူတို့အသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းကို ပေးချေမယ့် အသင်း ရှိပါက အာရွန်ကို ရောင်းချသွားမှာ ဖြစ်ကြောင်း နီးစပ်သူတွေက ဖွင့်ဟ ထားကြပါတယ်။

The post နောဝှစ်ချ် ညာနောက်ခံလူ အာရွန်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေတဲ့ စပါးအသင်း appeared first on MySport Myanmar.