ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ စပါးအသင်း ကတော့ သူတို့အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အင်တာမီလန် အသင်းရဲ့ ကွင်းလယ်လူ အဲရစ်ဆင်ကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ အတွက် ကြိုးစားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။ အသက် ၂၈နှစ် အရွယ် ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ စပါးအသင်းကနေ အင်တာမီလန် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၄သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အင်တာမီလန် အသင်းနဲ့ ၂၀၂၄ ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ် တစ်ရပ်ကို ချုပ်ဆိုထားသူပါ။

Photo Credit: Metro

အဲရစ်ဆင်ဟာ ကစားသမားဘဝ အလှည့်အပြောင်း တစ်ခုဖြစ်အောင် စီးရီးအေ ကလပ် အင်တာမီလန် အသင်းထံ ပြောင်းရွှေ့သွားခဲ့ပေမယ့် အင်တာမီလန် အသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ပွဲထွက်ခွင့်တွေ ပျောက်ဆုံးခဲ့ရသလို လက်ရှိ ဘောလုံးရာသီ မှာလည်း အသင်းအတွက် ပြိုင်ပွဲစုံမှာ ၅၁၃ မိနစ်သာ ကစားခွင့် ရထားပါတယ်။ ဒါ့ကြောင့်ပဲ အဲရစ်ဆင်ဟာ ယခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ ထွက်ခွာခွင့်ပေးဖို့ အင်တာမီလန် အသင်းထံ တောင်းဆို ထားသလို အင်တာမီလန် အသင်းရဲ့ တာဝန်ရှိသူတွေ ကလည်း ထိုက်သင့်တဲ့ ကမ်းလှမ်းမှု တစ်ခုသာ ရမယ် ဆိုရင် အသင်းကနေ ထွက်ခွာခွင့် ပေးမယ် လို့ အဲရစ်ဆင်ကို ပြန်လည် တုံ့ပြန် ထားပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ စပါးအသင်းဟာ အဲရစ်ဆင်ကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ အတွက် ကြိုးစားနေပြီး အဲရစ်ဆင်ရဲ့ လုပ်ခလစာ ကသာ အဓိက ဆွေးနွေးရမယ့် အရာတစ်ခု ဖြစ်ကြောင်း သိရပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်သူ ဖာဘရီဇီယို ရိုမာနို ကတော့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုဟာ အသင်းမှာ အဆင်မပြေတဲ့ ကွင်းလယ်လူ ဖြစ်သူ အလီကို ပီအက်စ်ဂျီ အသင်းထံ‌ ရောင်းချချင်နေတာကြောင့် အသင်းရဲ့ ကွင်းလယ်လူဟောင်း တစ်ဦးဖြစ်တဲ့ အဲရစ်ဆင်ကို ရာသီဝက် အငှားနဲ့ ခေါ်ယူချင်နေပြီး အဲရစ်ဆင် ကလည်း သူ့ရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ စပါးအသင်းထံ ပြန်လည် လာရောက် ကစားဖို့ စိတ်ဝင်စား နေကြောင်း အခိုင်အမာ ဆိုသွားပါတယ်။

The post အဲရစ်ဆင်ကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ တရားဝင် ဆွေးနွေးနေတဲ့ စပါးအသင်း appeared first on MySport Myanmar.