ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းဟာ ပြင်သစ်လီဂူး နာမည်ကြီးကလပ် လိုင်ယွန်အသင်းရဲ့ ကွင်းလယ်လူ ဟူဆန် အာဝါကို ခေါ်ယူဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပါတယ်။

စပါးအသင်းဟာ ဝုဗ်နည်းပြ နူနိုဆန်းတို့စ်ကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ပြီးနောက် လူအင်အား ဖြည့်တင်းမှုတွေကို ဆက်တိုက် ဆိုသလို ပြုလုပ်ဖို့ ကြိုးစားနေပြီး လိုင်ယွန်အသင်း ကနေ ထွက်ခွာချင်နေတဲ့ အာဝါဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Express

အသက် ၂၃နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ဟူဆန်အာဝါဟာ လိုင်ယွန်အသင်းနဲ့အတူ ပြင်သစ်လီဂူးပြိုင်ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြထားနိုင်သူ တဦး ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အတွက် စပါးအသင်း အပြင် စပါးအသင်းရဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကပါ စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းဟာ လက်ရှိ နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင် ၁၃၇သန်း ဝန်းကျင် အထိ အသုံးပြုထားတာကြောင့် အာဝါကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်း နည်းပါးနေပြီး စပါးအသင်း ကတော့ အာဝါရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဆိုပါတယ်။

Photo Credit: Express

လိုင်ယွန်အသင်း ကတော့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ အသင်းရဲ့ ကွင်းလယ်လူ အာဝါကို ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်း ဝန်းကျင် ရရှိရုံနဲ့ လက်လွှတ်ဖို့ ဆုံးဖြတ်ထားပြီး စပါးအသင်းကလည်း အဆိုပါ ငွေကြေးပမာဏကို ပေးချေဖို့ အသင့် ဖြစ်နေပါတယ်။

ဒါကြောင့် စပါးအသင်းနဲ့ အာဝါတို့ကြားမှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိတာနဲ့ အပြောင်းအရွှေ့ဟာ ချက်ချင်း ပြီးမြောက်ဖို့ ရှိနေပြီး စပါးအသင်းဟာ အာဝါကို ခေါ်ယူပြီးပါ အသင်းရဲ့ ကွင်းလယ်လူ အန်ဒွန်ဘီလီကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။