ပရီးမီးယားလိဂ် အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ ဘာစီလိုနာအသင်းမှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ဘော့စနီးယား ကွင်းလယ်လူ ပီယာနစ်ကို ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။ အသက် ၃၁နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘော့စနီးယား ကွင်းလယ်လူ ပီယာနစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်အသင်းကနေ ဘာစီလိုနာအသင်းထံကို ဘရာဇီးလ် ကွင်းလယ်လူ အာသာနဲ့ အလဲအထပ် ပြုလုပ်ကာ ရောက်ရှိလာသူ ဖြစ်ပေမယ့် အသင်းမှာ ထိုက်သင့်သလောက် ကစားခွင့် မရသေးတဲ့ ကစားသမားတဦးပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ပီယာနစ်ဟာ ဂျူဗင်တပ်အသင်းမှာ ကမ္ဘာ့အဆင့် ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းဆီ ရောက်ရှိချိန်မှာ အသင်းရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျ မဖြစ်ခဲ့သလို အသင်းနည်းပြ ကိုးမန်းရဲ့ စိတ်ကြိုက် ကွင်းလယ်လူ မဟုတ်တာကြောင့် ကစားခွင့် များများစားစား မရခဲ့ပဲ လက်ရှိ ဘောလုံးရာသီ ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၂၆၅မိနစ်သာ ကစားခွင့်ရထားကာ သွင်းဂိုး ရရှိခြင်း မရှိသေးသလို ဂိုးဖန်တီးမှုလည်း မပြုလုပ်နိုင်သေးပါဘူး။ ဒါကြောင့်ပဲ ပီယာနစ်ဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘာစီလိုနာအသင်းကနေ ပုံမှန် ပွဲထွက်ခွင့် ရရှိမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေပြီး ဘာစီလိုနာအသင်းကလည်း အသက်အရွယ် ရလာသလို လုပ်ခလစာ မြင့်မားတဲ့ ပီယာနစ်ကို ပြန်လည် ရောင်းချချင်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေပါတယ်။

Photo Credit: Marca

 

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ ပီယာနစ်ကို သူ့ရဲ့ အသင်းထံ ခေါ်ယူချင်နေပြီး လက်ရှိ အသင်းရဲ့ အဓိက ကွင်းလယ်လူတဦး ဖြစ်တဲ့ ပေါ့ဘာသာ အသင်းကနေ ထွက်သွားပါက ပီယာနစ်ကို မဖြစ်မနေ ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားကြောင်း နော်ဝေအခြေစိုက် နာမည်ကြီး အားကစားသတင်းဌာန ဖြစ်တဲ့ Fichajes က ဆိုပါတယ်။ မန်ချက်စတာ ညနေခင်း သတင်းဌာနကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကိုသာ လက်လွှတ်ရပါက အသင်းထံကို ကမ္ဘာ့အဆင့် ကွင်းလယ်လူတဦးအား ပြန်လည် ခေါ်ယူမှာဖြစ်ပြီး ရိုးမားအသင်းမှာကတည်းက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့သူ ပီယာနစ်ဟာ ဈေးပေါပေါနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောက်ရှိလာနိုင်ကြောင်း သုံးသပ်ထားပါတယ်။

The post ပီယာနစ်ကို ခေါ်ယူပေးဖို့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားတဲ့ မန်ယူနည်းပြ ဆိုးလ်ရှား appeared first on MySport Myanmar.