မန်ချက်စတာ ယူနိုက်တက် အနေနဲ့ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရှက်ဖီးလ်ဒ် ယူနိုက်တက် ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံကစားခဲ့ပြီး မျက်နှာပန်း မလှခဲ့ပဲ ၁ ဂိုး- ၂ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အတူ ရှုံးနိမ့်ခဲ့ပါတယ်။ ရှက်ဖီးလ်ဒ်ယူနိုက်တက် ဟာ ဒီရာသီ အမှတ်ပေးဇယားမှာ အောက်ဆုံးနေရာကို ရောက်ရှိနေပြီးတော့ ဒါဟာ သူတို့ ရဲ့ ဒီရာသီ ဒုတိယမြောက် နိုင်ပွဲလည်း ဖြစ်သလို ၁၉၇၃ နောက်ပိုင်း အိုးထရက်ဖို့ဒ်မှာ ပထမဆုံး ရရှိတဲ့ နိုင်ပွဲလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အနေနဲ့ အခုလို ရှုံးပွဲကြုံတွေ့ခဲ့ရတာကြောင့် ဒီရာသီ အမှတ်ပေးဖလား အိမ်မက်ဟာ အနည်းငယ် ဝေဝါးသွားခဲ့ပြီး နည်းပြ ဆိုးလ်ရှားကလည်း ခွင့်ပြုပေးခဲ့ရတဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ပတ်သက်ပြီး ဝေဖန်လိုက်ပါတယ်။

Photo Credit: Express

ရှက်ဖီးလ်ဒ် ယူနိုက်တက် အနေနဲ့ နိုင်ပွဲရရှိခဲ့ပေမယ့် တန်ဆင်းဇုံ က လွတ်ဖို့ဆိုရင်တော့ ရမှတ် ၁၀ မှတ် ထပ်မံရှာဖွေဖို့ လိုအပ်နေပါတယ်၊ တစ်ဖက်မှာလည်း ယူနိုက်တက် အနေနဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည် ထားနိုင်သေးပေမယ့်လည်း ပရီးမီးယားလိဂ် ၁၃ ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ စံချိန်ကောင်းတစ်ခု ကျိုးပျက်ခဲ့ရတာ ဖြစ်ပါတယ်။ ဆိုးလ်ရှားကတော့ ရှုံးပွဲကြုံတွေ့ခဲ့ရတာနဲ့ ပတ်သက်ပြီး အခုလိုပဲ ရှင်းပြလာခဲ့ပါတယ်။ “ ကျွန်တော်တို့ နေရာစုံမှာ ဘောလုံးပိုင်ဆိုင်မှု အပြည့်ရယူနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဆိုးဝါးတဲ့ သွင်းဂိုး နှစ်ဂိုး ခွင့်ပြုပေးခဲ့ရတယ်။ ကျွန်တော်တို့ ဂိုးဖန်တီးမှုတွေလည်း လုံလုံလောက်လောက် မလုပ်နိုင်ခဲ့ပါဘူး။ ဘာမှော်အတတ်မှလည်း မရှိခဲ့သလို၊ ပြေးဖို့အတွက် နေရာလွတ်တွေလည်း မရှိခဲ့ပါဘူး ”

Photo Credit: Express

“ သူတို့ ခံစစ်ကို အတော်လေးကောင်းအောင် ပြင်ဆင်လာခဲ့တယ်၊ သူတို့အတွက် မျှတတဲ့ ကစားပွဲ တစ်ပွဲပါပဲ။ ကျွန်တော်တို့မှာ မှန်ကန်တဲ့ အကြံဉာဏ်တွေနဲ့ ဖြေရှင်းချက်တွေ မရှိခဲ့ပါဘူး ” လို့ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ဆိုးလ်ရှားက ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ မှားခဲ့ကြောင်း နဲ့ ရှက်ဖီးလ်ဒ် ကစားသမား ဘရိုင်ယန်ရဲ့ ခေါင်းတိုက်သွင်းဂိုး မတိုင်ခင် ဘီလီရှက်က ဒေးဗစ် ဒီဂီယာ အပေါ်ကို ပြစ်ဒဏ်ကျုးလွန်ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ “ ရှက်က ဒီဂီယာ ဆီကို ပြေးဝင်သွားတာပါ၊ ပြီးတော့ အခြားအဆုံးတစ်ဖက်မှာ အဲ့ဒါကို ပြစ်ဒဏ်အဖြစ် မသတ်မှတ်ခံခဲ့ရပါဘူး။ ကွင်းလယ်ဒိုင် ပီတာ ဘန်ကာစ် ချခဲ့တဲ့ ဆုံးဖြတ်ချက် အမှား နှစ်ခုတောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယဂိုးခွင့်ပြုပေးရတာကတော့ ကျွန်တော်တို့ ညံ့ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ဒီရာသီမှာ ဒီလို ရလဒ်မျိုးတွေကို အများကြီး မြင်ခဲ့ပြီးပြီ ဖြစ်တာကြောင့် ဘာမှ စုံစမ်း‌စစ်ဆေးစရာ တော့မရှိပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။

The post ရှက်ဖီးလ်ဒ်ရဲ့ ပထမဂိုးနဲ့ ပတ်သတ်ပြီး ကွင်းလယ်ဒိုင်ရဲ့ အမှားကို ပြောပြခဲ့တဲ့ ဆိုးလ်ရှား appeared first on MySport Myanmar.