ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ စပါးအသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ အတွက် အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး မာရှယ်ကို ရောင်းထုတ်သွားဖို့ စဉ်းစားနေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပြီး လတ်တလောမှာ သူ့ကို ခေါ်ယူဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့က မျက်စိကျနေကြပါတယ်။

Photo Credit: Express

လတ်တလောမှာတော့ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက် ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းက ရေပန်းစားနေပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဟယ်ရီကိန်းကို ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေဆဲ ဖြစ်ပြီး ဆိုးလ်ရှားဟာ လိုအပ်ပါက အသင်းရဲ့ တိုက်စစ်မှူး ဖြစ်တဲ့ မာရှယ်ကိုပါ အလိုက်ပေး ကမ်းလှမ်းဖွယ် ရှိကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။ အသက် ၂၅နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ရှိနေသေးပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ထုတ်မပြနိုင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ မာရှယ်ကို အသုံးချချင်နေပါတယ်။

Photo Credit: Express

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ပေါ်ထားတဲ့ သတင်းတွေ အရ စပါးအသင်းရဲ့ ဥက္ကဌ လီဗိုင်းဟာ ဟယ်ရီကိန်းကို ပြည်တွင်း ပြိုင်ဘက်အသင်းတွေထံ ရောင်းချလိုခြင်း မရှိပေမယ့် ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း + အပိုဆုကြေးတွေ ရရင်တော့ ရောင်းထုတ်ဖွယ် ရှိကြောင်း သိထားရပါတယ်။ နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ Times Sport သတင်းဌာန ကတော့ ဆိုးလ်ရှားဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် လိုအပ်နေတဲ့ ပြောင်းရွှေ့ကြေးကို ရရှိဖို့ မာရှယ်ကို ရောင်းချချင်နေသလို စပါးအသင်းက မာရှယ်ကို ခေါ်ယူဖို့ ယခင်က စိတ်ဝင်စားဖူးတာကြောင့် ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်း + မာရှယ် ဆိုတဲ့ ကမ်းလှမ်းမှုတခုနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း ဖော်ပြထားပါတယ်။

The post ဟယ်ရီကိန်းကို ဝယ်ဖို့ အတွက် မာရှယ်ကို ရောင်းထုတ်ဖို့ အဆင်သင့်ပဲ ဆိုတဲ့ ဆိုးလ်ရှား appeared first on MySport Myanmar.