ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီဂန်းနား ဆိုးလ်ရှား ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ပွင့်လင်းမှုကြောင့် စိတ်လှုပ်ရှားမိကြောင်း အင်္ဂါနေ့ညမှာ ကစားမယ့် ဘန်လေ နဲ့ ပွဲစဉ်မတိုင်ခင်မှာ မီဒီယာတွေကို ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ဘန်လေ အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပြီးတော့ အကယ်၍သာ အဆိုပါ ပွဲစဉ်ကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ရမှတ် ၃၃ မှတ် နဲ့ ရမှတ်တူ အနေအထားမှာ ရှိနေတဲ့ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လီဗာပူး အသင်းကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့်၁ နေရာကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: Sportbible

 

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ရာသီက အဆင့် ၂ နေရာက အသင်းကို ရမှတ် ၁၈ မှတ်အထိ ဖြတ်တောက်နိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ တတိယ နေရာက လက်စတာစီးတီး အသင်းနဲ့ ရမှတ် ၁ မှတ်သာ ကွာဟတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲစဉ် ၁၇ အပြီးမှာ အဆင့် ၉ နေရာက ချယ်လ်ဆီး အသင်းနဲ့လည်း ၇ မှတ်သာ ကွာခြားနေတာ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းအနေနဲ့ ဒီရာသီမှာ ခြေစွမ်းပိုင်းအရ ကောင်းမွန်နေပြီးတော့ ၂၀၁၂-၁၃ ရာသီနောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ရန်အတွက် အလားအလာ ကောင်းနေပြီး ဆိုးလ်ရှားက ယှဉ်ပြိုင်နိုင်စွမ်းအတွက် ကျေနပ်ဝမ်းသာလျက် ရှိနေပါတယ်။ “ ဒါပေါ့၊ အသင်းတိုင်းက ပရီးမီးယားလိဂ် ဖလားကို ချုပ်ကိုင် ထားချင်တယ်လို့ မြင်ပါတယ် ”

Photo Credit: Sportbible

“ ဒါပေမယ့် ဒီလိုရာသီမျိုး၊ ဒီလို နှစ်မျိုးနဲ့ ဒီလို အတက်အကျ များတဲ့ အခြေအနေတွေမှာ ရလဒ်တွေနဲ့ ခြေစွမ်းပိုင်းတွေက ကောင်းတစ်လှည့် ဆိုးတစ်လှည့် ဖြစ်နိုင်ပါတယ်။ ကျွန်တော့် အတွက်တော့ အဲ့ဒါက စိတ်လှုပ်ရှားဖို့တောင် ကောင်းပါသေးတယ်။ အသင်းရဲ့ ထောက်ခံသူတစ်ယောက် အနေနဲ့ ဒါမှမဟုတ် ပရိသတ် တစ်ယောက် အနေနဲ့ဆိုရင် ပိုလို့တောင် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေါ့ တစ်ဦးတည်း ထိပ်က အပြတ်အသတ် ပြေးနေတဲ့ ပြီးခဲ့တဲ့ ရာသီက ထက်စာရင် ဒီရာသီက အသင်းတိုင်းရဲ့ ပတ်ပတ်လည်မှာ ကျန်တဲ့ အသင်းတွေ ရှိနေပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ မန်ယူ အသင်းဟာ အသင်းရဲ့ ဂန္တဝင် နည်းပြကြီးတစ်ဦးဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန် ရဲ့ လက်ထက်မှာ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ၅၁ ရက်ကြာအောင် နေရာ ယူခဲ့ဖူးပါတယ်။ ယူနိုက်တက် အသင်းအနေနဲ့ ဒီရာသီမှာ ခြေစွာနေတဲ့ အသင်းဖြစ်ပြီးတော့ နောက်ဆုံးကစားထားတဲ့ ၁၆ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ပိုင်ဆိုင်ထားပြီး တစ်ဖက်မှာလည်း ဘန်လေ အသင်းက ၁၉၆၈ နောက်ပိုင်း ယူနိုက်တက် နဲ့ ကစားတဲ့ ပွဲစဉ်တွေမှာ တစ်ပွဲမျှ အနိုင်ယူထားနိုင်ခြင်း မရှိပါဘူး။

The post စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပရီးမီးယားလိဂ် ပွဲတွေကို နှစ်သက်တယ်လို့ ဆိုခဲ့တဲ့ ဆိုးလ်ရှား appeared first on MySport Myanmar.