ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ အီတလီ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းမှာ ကစားနေတဲ့ အသင်းရဲ့ ကစားသမားဟောင်း ရိုနယ်ဒိုကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ရိုနယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေပေမယ့် ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦးအဖြစ် ခြေစွမ်းပြနေဆဲ ဖြစ်ပြီး လက်ရှိရာသီမှာ ဂျူဗင်တပ်အသင်း အတွက် သွင်းဂိုး ၃၆ဂိုး အထိ သွင်းယူပေးထားနိုင်သူ ဖြစ်ပါတယ်။

Photo Credit: Metro

ရိုနယ်ဒိုဟာ လက်ရှိရာသီမှာ သူ့ရဲ့ ကစားသမားဘဝ ပထမဦးဆုံးအကြိမ် အဖြစ် စီးရီးအေရဲ့ သွင်းဂိုးအများဆုံး ကစားသမားဆုကို ရယူနိုင်ဖို့ ကျိန်းသေနေပေမယ့် အသင်းလိုက် အောင်မြင်မှုအဖြစ် ကိုပါ အီတာလီယာဖလား အောင်မြင်မှုသာ ရယူထားနိုင်သလို လာမယ့်ရာသီ အတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့လည်း မသေချာတာကြောင့် ယခုနှစ် ဘောလုံံးရာသီ ကုန်ဆုံးချိန်မှာ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေသူပါ။ လက်ရှိမှာတော့ ဂျူဗင်တပ်အသင်းဟာ ရိုနယ်ဒိုကို ရောင်းချလိုခြင်း မရှိပေမယ့် လာမယ့် ဘောလုံးရာသီမှာသာ ချန်ပီယံလိဂ်ဝင်ခွင့် မရပါက လုပ်ခလစာ မြင့်မားတဲ့ ရိုနယ်ဒိုကို အသင်းမှာ ဆက်ထိန်းဖို့ ခက်ခဲနိုင်ပြီး ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ရိုနယ်ဒိုရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်တို့က ရိုနယ်ဒိုကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းဌာတခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ အသင်းရဲ့ ဂန္တဝင် ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ရိုနယ်ဒိုကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ရိုနယ်ဒိုကို မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြန်လာအောင် စည်းရုံးနေကြောင်းလည်း သိရပါတယ်။ ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာပြီး အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖြစ်ပါက လစာငွေ လျှော့ယူပေးဖို့ ဆန္ဒ ရှိနေပေမယ့် အီတလီနဲ့ ဗြိတိန်နိုင်ငံရဲ့ အခွန်ဆောင်ငွေ ကွာခြားမှုကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ရိုနယ်ဒိုကို တစ်ပတ်လုပ်ခ ပေါင် ၄သိန်းခွဲ ဝန်းကျင် အထိ ပေးရနိုင်ကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပိုင်ရှင်တွေ ဖြစ်တဲ့ ဂလေဇာမိသားစုဟာ အသင်းပရိသတ်တွေရဲ့ ဒေါသကို ဖြေလျှော့ဖို့ ရိုနယ်ဒိုကို ခေါ်ယူမယ့် အစီအစဉ်ကို ထောက်ခံထားကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

The post ရိုနယ်ဒိုကို မန်ယူအသင်းထံ ပြန်လာအောင် စည်းရုံးမှုတွေ ပြုလုပ်နေတဲ့ ဆိုးလ်ရှား appeared first on MySport Myanmar.