မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားကတော့ သူနဲ့တစ်နိုင်ငံတည်းသားလည်းဖြစ်သလို လက်ရှိကမ္ဘာ့ဘောလုံးဇာတ်ခုံမှာလည်း သူရဲ့ကျော်ကြားမှုတွေက အရှိန်အဟုန်ပြင်းစွာနဲ့ တိုးတတ်လျက်ရှိနေတဲ့ ဒေါ့မွန်အသင်းရဲ့ နော်ဝေတိုက်စစ်ကစားသမားလေး အာလင်းဟာလန်းကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်သွားနိုင်ဖို့အတွက် စိတ်ဝင်စားလျက်ရှိနေတယ်လို့ နော်ဝေရုပ်သံနဲ့ အင်တာဗျူးအစီအစဉ်အတွင်းမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : talkSPORT

အသက်(၂၀)အရွှယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား အာလင်းဟာလန်းဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီစျေးကွက်ကမှ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းကနေ ဒေါ့မွန်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့်လည်း တစ်နှစ်တာအတွင်းမှာ အသင်းအတွက် ပွဲပေါင်း(၄၀) ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးပေါင်း (၃၈)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေကို ပြသလျက်ရှိနေတဲ့ နော်ဝေကြယ်ပွင့် ဟာလန်းကို ယူနိုက်တက်အသင်းဘက်ကနေ စောင့်ကြည့်လျက်ရှိနေတယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ဆိုးလ်ရှားက “အာလင်းက လက်ရှိမှာ သူ့အတွက် အကောင်းဆုံးအချိန်တစ်ခုကို ရရှိနေပါတယ်။ ကျွန်တော် သူ့ကို စောင့်ကြည့်နေပါတယ်။ ဒါကိုလည်း အမြဲတမ်း ကျွန်တော်ထုတ်ပြောပါတယ်။ ကျွန်တော် သူနဲ့ (၁၈)လ ဒါမှမဟုတ် (၂)နှစ်နီးပါးလောက် အတူရှိခဲ့ပါတယ်။ ဒီအချိန်တွေက အံ့သြစရာကောင်းတဲ့ အချိန်တွေပါပဲ။ သူ့အနေနဲ့ ကလပ်အသင်းအတွက်ရော နော်ဝေနိုင်ငံလက်ရွေးစင်အသင်းအတွက်ကိုပါ ကောင်းကောင်းကစားနိုင်ပါလိမ့်မယ်။ သူက ဒေါ့မွန်အတွက် မယုံကြည်နိုင်စရာကောင်းလောက်အောင် ကစားနိုင်ခဲ့တယ်။ နော်ဝေသားတစ်ယောက်ပဲဖြစ်ဖြစ် တခြားသောသူတစ်ယောက်ပဲဖြစ်ဖြစ် သူနဲ့ လက်တွဲပြီး လုပ်ကိုင်ရမယ့် ဘယ်သူမဆို ပျော်စရာကောင်းမှာပါ။ သူအနေနဲ့ ဒီထက်မက ပိုမိုကောင်းမွန်တဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် ကြိုးစားသွားမှာဖြစ်သလို ကျွန်တော်တို့ကလည်း ပိုကောင်းမွန်တဲ့ ကလပ်အသင်းတစ်သင်း ဖြစ်လာဖို့ကို ရှေးရူသွားမှာပါ။ သူ ဘယ်နေရာကို ရောက်သွားနိုင်မလဲ ကျွန်တော်မသိပါဘူး။ ဒီထက်ပိုပြီးတော့လည်း ကျွန်တော်ဘာမှ မပြောလိုပါဘူး။ သူ့အတွက် အကောင်းဆုံးတွေ ဖြစ်လာဖို့ပဲ ကျွန်တော်ဆန္ဒရှိပါတယ်။ သူဘယ်ကိုရွေးချယ်မလဲဆိုတာကိုတော့ သူကိုယ်တိုင် ဆုံးဖြတ်ချက်ချပါလိမ့်မယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

The post ဟာလန်းကို ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုရှိနေတယ်လို့ မန်ယူနည်းပြဆိုးလ်ရှား ဝန်ခံပြောဆို appeared first on MySport Myanmar.