ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်အပြီးမှာ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်သူ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း အရိပ်အမြွက် ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ အသက် ၂၇နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တဦးဖြစ်ကာ စပါးအသင်းမှာ ၁၁နှစ်ကြာအောင် ကစားခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတဦး ဖြစ်ပေမယ့် အမြင့်မားဆုံး ဆုဖလား အောင်မြင်မှုတွေ ရရှိနိုင်ဖို့ စပါးအသင်းကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့သူပါ။

Photo Credit: Metro

ဟယ်ရီကိန်းဟာ တကိုယ်တော် ဆုတံဆိပ်တွေ အဖြစ် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ၂ကြိမ် ၊ ကမ္ဘာ့ဖလားပြိုင်ပွဲ ရွှေဖိနပ်ဆုကို ၁ကြိမ် ရရှိထားတဲ့ ကစားသမား ဖြစ်ပေမယ့် စပါးအသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ခြင်း မရှိပဲ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်ကိုသာ ရောက်ရှိဖူးပါတယ်။ အဲ့ဒါကြောင့်ပဲ ဟယ်ရီကိန်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စပါးအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်သလို လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်း ၊ မန်ချက်စတာစီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က အပြိုင်အဆိုင် ကြိုးစားနေကာ ဟယ်ရီကိန်း ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာပဲ ဆက်လက် ကစားချင်တာကြောင့် အဆိုပါ ၃သင်းထဲက တသင်းဟာ ဟယ်ရီကိန်းကို ရရှိဖွယ် ရှိပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လတ်တလောမှာ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ကာဗာနီကို စာချုပ်သစ် ချုပ်ဆိုထားသလို အသင်းရဲ့ တိုက်စစ်ပိုင်းမှာ မာရှယ် ၊ ရက်ဖို့ဒ် ၊ ဂရင်းဝုဒ် စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် ဟယ်ရီကိန်းကို ခေါ်ယူဖို့ အမှန်တကယ် ကြိုးစားပါ့မလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေခဲ့ပေမယ့် ဆိုးလ်ရှားကတော့ သူတို့အသင်းဟာ နောက်ထပ် တိုက်စစ်မှူးတဦးကို ခေါ်ယူနိုင်ကြောင်း ဝန်ခံသွားပါတယ်။ တိုက်စစ်မှူးသစ်တဦး ရောက်ရှိလာနိုင်ကြောင်းကို ဆိုးလ်ရှားက – “ တိုက်စစ်မှူးသစ် မခေါ်ဘူး လို့ ကျွန်တော် မပြောနိုင်ပါဘူး။ အခု ကျွန်တော်တို့မှာ ကာဗာနီ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းမှာ ကောင်းမွန်တဲ့ တိုက်စစ်မှူး ဘယ်နှယောက်များ ရှိလို့လဲ။ အဲ့ဒါကြောင့် တိုက်စစ်မှူးသစ် ထပ်မရောက်နိုင်ဘူး လို့ ကျွန်တော် မပြောနိုင်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ဟာ ပိုပြီး ကောင်းတဲ့ လူအင်အားကို ပိုင်ဆိုင်ချင်ပါတယ်။ အခုဆို ကျွန်တော်တို့က ၂နှစ်ဆက်တိုက် ထိပ်ဆုံး ၃သင်း နေရာမှာ ရှိနေခဲ့တယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့ လိုချင်တဲ့ အနေအထား မဟုတ်သေးပါဘူး။ လာမယ့်ရာသီ စတင်တဲ့ အချိန်မှာ ပိုပြီး ကောင်းတဲ့ လူစာရင်း ကျွန်တော်တို့မှာ ရှိပြီး ကျွန်တော်တို့ရှေ့မှာ ရှိနေတဲ့ အသင်း (မန်စီးတီး)ကို ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။

The post မန်ယူအသင်းနဲ့ ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဖွင့်ဟလာတဲ့ ဆိုးလ်ရှား appeared first on MySport Myanmar.