ရှက်ဖီးယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား အိုလီဗာမက်ဘာနေးဟာ လမ်းမပေါ်မှာ သူ့ကိုလှမ်းပြီး နောက်ပြောင်ကျီစယ်ခဲ့တဲ့ လူတစ်ယောက်ကို ဒေါသတကြီးနဲ့ တုံ့ပြန်ခဲ့ပြီး သူ့ကို ဗီဒီယိုရိုက်ကူးထားတဲ့ အဲ့ဒီလူရဲ့ မိုဘိုင်းဖုန်းကို ခြေထောက်နဲ့ တတ်နင်းကာ ဖျက်ဆီးခဲ့သလို အဲ့ဒီလူကိုလည်း ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit : Mirror

အသက်(၂၄)နှစ်အရွှယ်ရှိ စကော့တလန် တိုက်စစ်ကစားသမား မက်ဘာနေးဟာ လမ်းပေါ်မှာ အမျိုးသမီးတစ်ယောက်နဲ့ အငြင်းအခုန် ဖြစ်နေချိန်မှာ အယ်လီးယက်ရိုက်ခ်ဆိုသူက မက်ဘာနေးကို “စိတ်အေးအေးထားပါ ဘော်ဒါကြီး ဒါက တန်းဆင်းသွားရတာထက်ကို ပိုဆိုးရွှားသွားနိုင်တယ်” လို့ စစနောက်နောက်နဲ့ နောက်ပြောင်ခဲ့ရာ မက်ဘာနေးက ရိုက်ခ်ဆိုသူဆီကို ဒေါသတကြီးနဲ့ ရောက်လာခဲ့ပြီး ဒီဖြစ်ရပ်တွေကို ရိုက်ကူးထားတဲ့ ရိုက်ခ်ရဲ့ မိုဘိုင်းဖုန်းကို ပစ်ချပြီး ခြေထောက်နဲ့ တက်နင်းခဲ့သလို ရိုက်ခ်ကိုလည်း တိုက်ခိုက်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit : RT

လိဒ်စ်ယူနိုက်တက်အသင်းကို အားပေးသူဖြစ်ပြီး အာမခံကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ဆောင်ရွှက်နေတဲ့ ရိုက်ခ်က မက်ဘာနေးရဲ့တိုက်ခိုက်မှုကြောင့် ဘယ်ဘက်မျက်လုံးမှာ ညိုမဲစွဲသွားခဲ့ရပြီး ထိခိုက်မှုအနည်းငယ် ရရှိသွားခဲ့ရပါတယ်။ သူရဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီး ရိုက်ခ်က “ကျွန်တော် မက်ဘာနေးကို မိန်းကလေးတစ်ဦးနဲ့ အငြင်းအခုန် ဖြစ်နေတာကို မြင်ခဲ့ရတယ်။ ကျွန်တော်က မိတ်ဆွေ(၂)ယောက်နဲ့အတူ လမ်းလျှောက်လာတာပါ။ သူတို့ကို ရုတ်တရက် မြင်လိုက်ရတော့ မက်ဘာနေးကို ကျွန်တော်စနောက်ချင်တာနဲ့ ဘော်ဒါကြီးရေ စိတ်အေးအေးထားပါ ဒါက မင်းတန်းဆင်းသွားရတာထက် ပိုဆိုးနိုင်တယ်လို့ လှမ်းအော်မိလိုက်တယ်။ ပထမကတော့ သူလည်း အေးအေးဆေးဆေးပါပဲ။ မင်းရဲ့ဖုန်းနဲ့ ငါတို့ကို ရိုက်ကူးမနေနဲ့လို့ သူက ပြန်ပြောတော့ ကျွန်တော် ဒါကို လက်မခံခဲ့ဘူး။ အဲ့ဒီအချိန်မှာပဲ သူကျွန်တော့်ကို စပြီးရိုက်တော့တယ်။ အရိုးသားဆုံးပြောရရင် ဒီကိစ္စမှာ ကျွန်တော်လည်း မှားယွင်းခဲ့ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မက်ဘာနေးဟာ ဒီရာသီမှာ ရှက်ဖီးယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၂၅)ပွဲအထိ ပါဝင်ကစားထားနိုင်ပေမယ့်လည်း သွင်းဂိုးက (၁)ဂိုးလေးသာ သွင်းယူနိုင်ခဲ့တဲ့အထိ ဂိုးသွင်းစွမ်းရည်ပိုင်းမှာ ကျဆင်းနေခဲ့ရပါတယ်။

The post လမ်းမပေါ်မှာ လူတစ်ဦးကို ဒေါသတကြီး တိုက်ခိုက်ခဲ့တဲ့ ရှက်ဖီးတိုက်စစ်မှူး မက်ဘာနေး appeared first on MySport Myanmar.