ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အင်္ဂလန် ဘယ်နောက်ခံလူ ဖြစ်တဲ့ လုခ်ရှောကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အစဉ်အလာပြိုင်ဘက် အာဆင်နယ် အသင်းကို အဝေးကွင်းမှာ သရေကျခဲ့တာဟာ သူတို့အသင်း အတွက် လက်ခံနိုင်စရာ မဟုတ်တဲ့ ရလဒ်တစ်ခု ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ အာဆင်နယ် အသင်းရဲ့ အမ်းမရိတ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်ဟာ နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပေမယ့် နှစ်သင်းပေါင်း သွင်းဂိုး တစ်ဂိုးမှ မရှိခဲ့သလို ခြေစွမ်းပိုင်း မှာလည်း များစွာ ကွာခြားခဲ့ခြင်း မရှိတာကြောင့် သရေရလဒ်ဟာ မျှတတဲ့ ရလဒ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

Photo Credit: Standard

ဒါပေမယ့် သွင်းဂိုး ရရှိနိုင်တဲ့ အပိုင် အခွင့်အရေးတွေ ပိုမို ရရှိခဲ့တဲ့ အသင်းကတော့ ဧည့်သည်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲချိန် အတွင်းမှာ သေချာပေါက် ဂိုးရရှိနိုင်ဖွယ် ရှိတဲ့ အခွင့်အရေး ၃ကြိမ် အထိ ရရှိခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ အခွင့်အရေး သုံးကြိမ်ထဲက တစ်ကြိမ်ကို အာဆင်နယ် အသင်းရဲ့ ဂိုးသမား ဖြစ်သူ လေနိုက ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပြီး နောက်ထပ် အခွင့်အရေး နှစ်ကြိမ်ကတော့ ဂိုးတိုင်ဘေးကနေ ကပ်ထွက်ခဲ့ပါတယ်။ အဆိုပါ သရေပွဲကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့သလို အမှတ်ပေးဇယားရဲ့ အဆင့် ၁နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ တစ်ပွဲပို ကစားထားပြီး ၃မှတ်အကွာ အနေအထားမှာ ရှိနေကာ အမှတ်ပေးဇယားရဲ့ အဆင့်၂နေရာမှာသာ ယာယီ အနေအထားနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ အကယ်၍ လက်စတာအသင်း ကသာ လက်ကျန် ပွဲစဉ်တစ်ပွဲကို အနိုင်ရရှိမယ် ဆိုပါက အမှတ်ပေး ဇယားရဲ့ အဆင့် ၃နေရာ အထိ ဆင်းပေးရတော့မှာ ဖြစ်ပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူ တစ်ဦး ဖြစ်တဲ့ လုခ်ရှောကတော့ အာဆင်နယ် အသင်းကို သရေကျခဲ့တာဟာ သူတို့အသင်း အတွက် လက်မခံနိုင်စရာ အရာတစ်ခု ဖြစ်ပြီး သူတို့ဟာ အနိုင်ရလဒ်ကို ယူဆောင်နိုင်ခဲ့သင့်ကြောင်း ဆိုသွားပါတယ်။ လုခ်ရှောက “ကျွန်တော်တို့ ရသင့်တဲ့ ၂မှတ်ကို ထပ်ပြီး ဆုံးရှုံးရပြန်ပါပြီ။ ကျွန်တော်တို့ အသင်းဟာ ပွဲကို ပိုမို ထိန်းချုပ်နိုင်ခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ်။ အာဆင်နယ် အသင်းကလည်း ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပွဲအတွင်းမှာ ပိုပြီး သက်တောင့်သက်သာ ရှိခဲ့သလို ကျွန်တော်တို့ အသုံးမချနိုင်ခဲ့တဲ့ အပိုင်အခွင့်အရေးတွေလည်း အများကြီး ရှိခဲ့ပါတယ်။ တကယ်လို့ ဒီနေ့သာ အနိုင်ရခဲ့ရင် ဒါက ကောင်းမွန်တဲ့ ရလဒ်တစ်ခု ဖြစ်ခဲ့မှာပါ။ ကျွန်တော်တို့ဟာ ဒီလို ပွဲစဉ်တွေကို အနိုင်ရဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ရခဲ့တဲ့ အခွင့်အရေးတွေနဲ့ ဆိုရင် ဒါက လက်ခံနိုင်စရာ ရလဒ်တစ်ခု မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်” ဆိုပြီး ပြောကြား သွားခဲ့တာပါ။

The post အာဆင်နယ်ကို သရေကျတာက လက်မခံနိုင်တဲ့ ရလဒ်ဖြစ်ကြောင်း ဆိုလာတဲ့ လုခ်ရှော appeared first on MySport Myanmar.