မကြာသေးခင်ကမှ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါဇာတိဖြစ်တဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ်ကစားသမား သန်းပိုင်ကို ခေါ်ယူထားခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ နောက်ထပ်လူအင်အားဖြည့်တင်းမှုအဖြစ် ပြီးခဲ့တဲ့ဘောလုံးရာသီက နေရှင်လိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆုကို ပိုင်ဆိုင်ခဲ့တဲ့ ဧရာဝတီယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား အကွာရာဖေးလ်ဆာဆက်ကိုပါ ထပ်မံခေါ်ယူလိုက်ပြီလို့ အသင်းရဲ့ တရားဝင် Facebook Page ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Myanmar National League Facebook

နိုင်ဂျီးရီးယားနိုင်ငံသားဖြစ်တဲ့ ဆာဆက်ဟာ လက်ရှိမှာ အသက်(၂၂)နှစ်သာရှိသေးပြီး မြန်မာနေရှင်နယ်လိဂ်ကို ရောက်မလာခင်တုန်းက အပျော်တမ်းကလပ်အသင်းမှာသာ ကစားခဲ့ရတာဖြစ်ကာ အဲ့ဒီကမှတစ်ဆင့် ဧရာဝတီအသင်းဆီ ရောက်ရှိလာချိန်မှာတော့ သူရဲ့ပရိုကစားသမားဘဝကို စတင်ခဲ့ရတာဖြစ်ပါတယ်။ ဆာဆက်ဟာ ဧရာဝတီအသင်းနဲ့အတူ (၂)ရာသီကြာ ဖြတ်သန်းခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ အသင်းအတွက် သွင်းဂိုး(၁၆)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာကြောင့် နေရှင်နယ်လိဂ်ပြိုင်ပွဲရဲ့ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit : Myanmar Football Hub Facebook

အခုတော့ ဒီလိုအရည်အသွေးမြင့် တိုက်စစ်ကစားသမားမျိုးကို ရှမ်းယူနိုက်တက်အသင်းက ပိုင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်ရဲ့ (၂)ရာသီဆက် ချန်ပီယံဖြစ်တဲ့ ရှမ်းအသင်းကတော့ အပြောင်းအရွှေ့ကာလအတွင်းမှာ အသင်းအတွက် ကစားသမားသစ် ခေါ်ယူမှုတွေကို ခပ်စိတ်စိတ်လေး လုပ်ဆောင်လျက်ရှိနေပြီး ဆာဆက်အပါအဝင် သီဟဇော် ကျော်ဇင်လွင်တို့လို ဧရာဝတီကစားသမားဟောင်းတွေအပြင် သန်းပိုင် စိုးလွင်လွင်တို့လို ကစားသမားတွေကိုလည်း ခေါ်ယူအားဖြည့်ထားခဲ့ပါတယ်။ ရှမ်းယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာပါ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဆုကို (၃)ရာသီဆက်တိုက် ပိုင်ဆိုင်ချင်နေတဲ့အပြင် AFC Cup ပြိုင်ပွဲမှာလည်း အင်ပြည့်အားပြည့်နဲ့ ဝင်ရောက်ဆင်နွဲနိုင်ဖို့ပါ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်လိဂ်ရဲ့ သမိုင်းတလျှောက် ချန်ပီယံ (၃)ကြိမ် ဖြစ်ခဲ့ဖူးသလို ဒုတိယနေရာကိုလည်း (၂)ကြိမ် ရယူခဲ့ဖူးတဲ့ ဒေသတွင်းရဲ့ တတိယမြောက် အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ဒီရာသီမှာသာ ချန်ပီယံထပ်ဖြစ်မယ်ဆိုရင်တော့ ရတနာပုံ FC အသင်းနဲ့ ချန်ပီယံဆု အရေအတွက်ချင်း တူညီသွားတော့မှာလည်းဖြစ်ပါတယ်။

The post မြန်မာနေရှင်နယ်လိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆုရှင် ဆာဆက်ကို ထပ်မံခေါ်ယူလိုက်တဲ့ ရှမ်းယူနိုက်တက် appeared first on MySport Myanmar.