ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ ပေါလ်စခိုးလ်ကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ဖိုင်နယ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ စပိန်ကလပ် ဗီလာရီးရဲလ်အသင်းကို ရှုံးနိမ့်ကာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတာဟာ နောက်ဆုံး ပင်နယ်တီကို လွဲချော်ခဲ့ရုံသာမက ဗီလာရီးရဲလ်အသင်းရဲ့ ပင်နယ်တီ ကန်သွင်းမှု ၁၁ကြိမ်လုံးကို မကာကွယ်နိုင်တဲ့ ဂိုးသမား ဒီဂီယာကြောင့်လို့ ခပ်ပြင်းပြင်း ဝေဖန်သွားခဲ့ပါတယ်။ အသက် ၃၀အရွယ် စပိန်လက်ရွေးစင် ဂိုးသမား ဒီဂီယာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ သက်တော်ရှည် ကစားသမား ဖြစ်ပေမယ့် ယနေ့မနက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဖိုင်နယ်မှာတော့ ပွဲစဉ်ရဲ့ အဆိုးဝါးဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။

Photo Credit: Mail

ဒီဂီယာဟာ ဗီလာရီးရဲလ်အသင်းနဲ့ သာမန် ပွဲကစားချိန် အတွင်းမှာ ကောင်းမွန်တဲ့ လက်စွမ်းကို ပြသနိုင်ခြင်း မရှိခဲ့သလို ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ တစ်ဖက်အသင်းရဲ့ ပင်နယ်တီ ကန်သွင်းမှုတွေ အားလုံးကို သွင်းဂိုးတွေ အဖြစ် ခွင့်ပြုပေးခဲ့ရပြီး အသင်းရဲ့ ၁၁လုံးမြောက် ပင်နယ်တီကို ကန်သွင်းရာမှာလည်း လွဲချော် သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ အဆိုပါပွဲစဉ်ဟာ ဒီဂီယာအနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် နောက်ဆုံး ကစားရတဲ့ ပွဲစဉ်ဖြစ်ကြောင်း သုံးသပ်မှုတွေ ရှိနေပြီး ပေါလ်စခိုးလ်ကတော့ ဒီဂီယာဟာ ပင်နယ်တီ ကာကွယ်တဲ့ နေရာမှာ အဆိုးဝါးဆုံး ဂိုးသမား ဖြစ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Mail

ဒီဂီယာရဲ့ ပင်နယ်တီ ကာကွယ်မှု မှတ်တမ်းဆိုးတွေနဲ့ ပတ်သတ်ပြီး ပေါလ်စခိုးလ်က – “ပင်နယ်တီ အဆုံးအဖြတ်ကို ခံယူတဲ့ အချိန်မှာ ဘယ်လိုအရာမဆို ဖြစ်လာနိုင်တာကို ကျွန်တော်တို့ အားလုံး သိကြပါတယ်။ အင်္ဂလိပ် တယောက်အနေနဲ့ ပင်နယ်တီ ကန်သွင်းမှုနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့က ဆိုးဝါးတဲ့ အခြေအနေ ရောက်သွားမှာကို အမြဲတမ်းလိုလို ကျွန်တော့်မှာ စိုးရိမ်စိတ်တွေ ရှိပါတယ်။ ဒါပေမယ့် ဒီပင်နယ်တီ အဆုံးအဖြတ်နဲ့ ပတ်သတ်ပြီး ပြောရရင် ဒေးဗစ် (ဒီဂီယာ)က တာဝန်အရှိဆုံးသူပါ။ သူနဲ့ ပတ်သတ်ရင် ကျွန်တော်တို့က သူ့ရဲ့ ပင်နယ်တီ မှတ်တမ်းအကြောင်းပဲ ပြောချင်ပါတယ်။ သူက ပင်နယ်တီကို လုံးဝ မဖမ်းနိုင်တဲ့ ဂိုးသမားတဦးပါ” လို့ ဝေဖန်သွားတာပါ။

The post ပင်နယ်တီ မဖမ်းတတ်တဲ့ ဂိုးသမားလို့ ဒီဂီယာကို ခပ်ပြင်းပြင်း ဝေဖန်လိုက်တဲ့ စခိုးလ် appeared first on MySport Myanmar.