ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် တောင်ပံတိုက်စစ်စားသမား ဂျေဒန်ဆန်ချိုကတော့ လာမယ့်ဘောလုံးရာသီမှာ ဒေါ့မွန်ကနေ ထွက်ခွာသွားဖို့ အနီးစပ်ဆုံး အခြေအနေတစ်ခုကို ရောက်ရှိလာခဲ့ပြီး သူ့ကိုလည်း ထိပ်တန်းကလပ်အသင်းတွေကနေ ပစ်မှတ်ထားလျက်ရှိနေရာ ကစားသမားကိုယ်တိုင်ကတော့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ အသင်းတစ်သင်းဆီကိုပဲ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Eurosport

အသက်(၂၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဆန်ချိုဟာ ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ကစားသမားဘက်က ထိပ်တန်းအသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ကစားချင်နေသလို အသင်းဘက်ကလည်း အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေ ကောင်းမွန်နေစေဖို့အတွက် ဆန်ချိုလို ကြယ်ပွင့်ကစားသမားတစ်ဦးကို ရောင်းချသွားချင်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆန်ချိုကို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ လီဗာပူးလ် မန်ချက်စတာယူနိုက်တက်တို့အပါအဝင် စုစုပေါင်း ကလပ်အသင်း(၄)သင်းကနေ ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်နေပါတယ်။

Photo Credit : Man Utd Core

ဂျာမနီမြေမှာ ထွန်းတောက်လာခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့်လေး ဆန်ချိုကို ယူနိုက်တက်အသင်းက စိတ်ဝင်စားမှု အရှိဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းကလည်း ခေါ်ယူဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့် ဒေါ့မွန်ဘက်ကနေ တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်းနဲ့ မကမ်းလှမ်းနိုင်ခဲ့တာကြောင့် ဒေါ့မွန်မှာပဲ ဆက်လက်ကျန်ရှိနေခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဒေါ့မွန်ဟာ သူတို့ကစားသမားအတွက် ပေါင်သန်းတစ်ရာအထက်ကို တောင်းဆိုခဲ့တာဖြစ်ပေမယ့် လာမယ့်နွေရာသီ စျေးကွက်အတွင်းမှာတော့ ပြောင်းရွေ့ကြေး ပေါင်သန်း(၈၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တောင် လက်ခံနိုင်ဖွယ် ရှိနေပါတယ်။ ကစားသမားကတော့ သူအနေနဲ့ ဒေါ့မွန်ကနေ ထွက်ခွာတဲ့အခါ သူပြောင်းရွှေ့ကစားလိုတဲ့ ကလပ်အသင်းက ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခွင့် ရရှိထားတဲ့ အသင်းမျိုးကို ပြောင်းရွှေ့သွားဖို့ ဆန္ဒရှိနေပါတယ်။ ဒေါ့မွန်ဘက်ကတော့ ဆန်ချိုကို ရောင်းထုတ်သွားမှာဖြစ်ပေမယ့် နော်ဝေတိုက်စစ်မှူး ဟာလန်းကိုတော့ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။

The post ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ်အသင်း တစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့ကစားချင်နေတဲ့ ဆန်ချို appeared first on MySport Myanmar.