လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူဆောင်ရွှက်လျက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ဝိန်းရွန်းနီက ဒီနေ့မှာ သူတို့အသင်းအနေနဲ့ တန်းဆင်းဇုန်တိုက်ပွဲအဖြစ် ရှက်ဖီးဝင်းစ်ဒေးအသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ အရေးနိမ့်ခဲ့ရလို့ ချန်ပီယံရှစ်ကနေ တန်းဆင်းသွားခဲ့ရမယ်ဆိုရင်တောင် ဒါဘီအသင်းရဲ့ နည်းပြအဖြစ် ဆက်လက်ကိုင်တွယ်သွားဦးမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Major League Soccer

ရွန်းနီရဲ့ ဒါဘီအသင်းဟာ ဒီနေ့ညမှာပဲ ဒီရာသီရဲ့ ချန်ပီယံရှစ်ရဲ့ ရာသီပိတ်ပွဲအဖြစ် တန်းဆင်းဇုန်အတွင်းက ရှက်ဖီးဝင်းစ်ဒေးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တကယ်လို့ ဒီပွဲမှာ ဒါဘီအသင်းက အနည်းဆုံးသရေတစ်မှတ် ရယူနိုင်ခဲ့ရင် တန်းဆင်းမယ့်အရေးကနေ လွတ်မြောက်နိုင်မှာဖြစ်ပေမယ့် အရေးနိမ့်ခဲ့မယ်ဆိုရင်တော့ လိဂ်ဝမ်းဆီကို တန်းဆင်းသွားရမှာဖြစ်ပါတယ်။ ပိုဆိုးတာကတော့ အဆင့်(၂၂)နေရာမှာ ရပ်တည်နေတဲ့ ရော့သာဟမ်အသင်းက ကာဒစ်ကိုသာ အနိုင်ရလိုက်မယ်ဆိုရင် ဒါဘီအနေနဲ့ သရေရလဒ်နဲ့တောင် လုံလောက်တော့မှာမဟုတ်ပဲ ရှက်ဖီးဝင်းစ်ဒေးကို မဖြစ်မနေ အနိုင်ယူရတော့မှာဖြစ်ပါတယ်။

Photo Credit : Red Devil Armada

တကယ်လို့ ဒါဘီအနေနဲ့ ချန်ပီယံရှစ်ကနေ လိဂ်ဝမ်းပြိုင်ပွဲဆီ တန်းဆင်းသွားခဲ့ရမယ်ဆိုရင်တောင် ရွန်းနီက ဒါဘီနည်းပြအဖြစ် ဆက်လက်တာဝန်ယူသွားမယ်လို့ ရွန်းနီက ပြောဆိုလာခဲ့ပါတယ်။ ရွန်းနီက “၁၀၀% ပြည့်ကို သေချာပါတယ်။ ကျွန်တော် ဒါဘီကောင်တီအသင်းအတွက်ကိုပဲ အာရုံစိုက်သွားမှာပါ။ အသင်းကို ကတိပေးထားတဲ့ အလုပ်ကိုလည်း ဆက်လက်အကောင်အထည် ဖော်သွားချင်ပါတယ်။ သူတို့က ကျွန်တော့်ကို နည်းပြတစ်ယောက် ဖြစ်လာစေဖို့ အခွင့်အရေးတွေ ပေးခဲ့ကြတယ်။ ဒါကြောင့် အသင်းက ဘယ်လိုအခြေအနေပဲရှိရှိ ကျွန်တော်ကတော့ အသင်းမှာပဲ ဆက်လက်ရှိနေမှာပါ။ ကျွန်တော်က စိန်ခေါ်မှုလမ်းကြောင်းတွေကနေ ဝေးရာကို ထွက်ပြေးသွားတတ်တဲ့ သူတစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အသင်းကို ရှေ့ဆက်နိုင်အောင် တွန်းပေးနေချင်ပါတယ်။ သေချာတာကတော့ လာမယ့်ရာသီမှာ အသင်းက ဘယ်ပြိုင်ပွဲကို ရောက်နေပါစေ ကျွန်တော်ကတော့ အသင်းနဲ့ပဲ အတူတူရှိနေမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ရွန်းနီဟာ ဒါဘီအသင်းကို ရာသီဝက်လောက်ကနေ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး (၃၅)ပွဲအထိ ကိုင်တွယ်ခဲ့ပြီး နိုင်ပွဲ(၁၀)ပွဲ ရယူနိုင်ခဲ့သလို ရှုံးပွဲ(၁၈)ပွဲအထိ ရှိခဲ့ရပါတယ်။

The post တန်းဆင်းသွားခဲ့ရမယ်ဆိုရင် ဒါဘီအသင်းနည်းပြအဖြစ် ဆက်လက်တာဝန်ယူသွားမယ်ဆိုတဲ့ ရွန်းနီ appeared first on MySport Myanmar.