မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်သလို လက်ရှိမှာ ချန်ပီယံရှစ် ကလပ် ဒါဘီအသင်းကို ကိုင်တွယ်နေတဲ့ ဝိန်းရွန်းနီ ကတော့ လက်ရှိ ဘောလုံးရာသီမှာ သူ့ရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မယ် လို့ သူ ယုံကြည်ထားကြောင်း ဖွင့်ဟ ပြောဆို သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် မှတ်တမ်းဝင် ထားတဲ့ အသင်းတစ်သင်း ဖြစ်ပေမယ့် အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် မရှိတော့တဲ့ အချိန်ကတည်းက အမှတ်ပေး ချန်ပီယံဆုကို ပြန်လည် ဆွတ်ခူးနိုင်ခြင်း မရှိတော့ပဲ အခြားသော ဆုဖလားတွေကိုသာ ရရှိခဲ့ပါတယ်။

Photo Credit: Daily Mail

လက်ရှိ ဘောလုံးရာသီ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီဝက် ကာလ ကုန်ဆုံးချိန် မှာ ပရီးမီးယားလိဂ်ရဲ့ ရာသီဝက် ချန်ပီယံအဖြစ် ရှိနေခဲ့ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးအသင်းဟာ တစ်ပွဲလျော့ ၂မှတ်အကွာမှာ ရှိနေတာကြောင့် မန်ချက်စတာ စီးတီးအသင်း သာ ပွဲကျန်တစ်ပွဲကို အနိုင်ရခဲ့မယ် ဆိုပါက မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဇယားရဲ့ အဆင့် ၂နေရာကို ဆင်းပေးရမှာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အနေအထားမှာ ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။ ဝိန်းရွန်းနီ ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ပြန်ရောက်နေပြီလို့ ယူဆနေပြီး သူဟာ ယူနိုက်တက် အသင်းအနေနဲ့ အခုလို အမှတ်ပေး ဇယားရဲ့ အဆင့်၁နေရာကို မရခင်ကတည်းက ယူနိုက်တက် အသင်းမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိကြောင်း ယုံကြည်ခဲ့တယ် လို့ ဆိုသွားပါတယ်။

 

Photo Credit: Daily Mail

ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် ဆွတ်ခူးနိုင်လိမ့်မယ် လို့ ယုံကြည်ထားတဲ့ အကြောင်းကို ဝိန်းရွန်းနီက “ ကျွန်တော် လွန်ခဲ့တဲ့ ၆ပတ်လောက် ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေကို စကားတစ်ခွန်း ပြောခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းက ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ် လို့ ကျွန်တော် ခံစားနေရတဲ့ အကြောင်းကိုပေါ့။ အခုအထိလည်း ကျွန်တော်က ဒီအတိုင်းပဲ ခံစားနေရပါတယ်။ ပေါ့ဘာက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် လိဂ်ချန်ပီယံဖြစ်ဖို့ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ သူတို့က ဖာနန်ဒက်နဲ့ ကာဗာနီလို နိုင်လိုစိတ် ပြင်းပြတဲ့ ကစားသမားတွေကို ခေါ်နိုင်ခဲ့တယ်လေ။ သူတို့နှစ်ယောက်က ပေါ့ဘာရဲ့ ပခုံးပေါ်က တာဝန်တွေကို ပေါ့သွားအောင် စွမ်းဆောင် ပေးနိုင်ပါတယ်” ဆိုပြီး ပြောကြား သွားပါတယ်။

The post ယူနိုက်တက်အသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ်လို့ ယုံကြည်နေတဲ့ ဝိန်းရွန်းနီ appeared first on MySport Myanmar.