ဂျုဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီကြယ်ပွင့် ထိပ်တန်းကစားသမားကြီး ခရစ္စတီယာနိုရော်နယ်ဒိုက လာမယ့်ရက်ပိုင်းအတွင်း အီတလီနိုင်ငံ တူရင်မြို့ကို ပြန်လည်ရောက်ရှိလာပြီး သူရဲ့အနာဂတ် အခြေအနေနဲ့ပတ်သက်လို့ စဉ်းစားဆုံးဖြတ်ဖွယ် ရှိနေသလို သူရဲ့အနာဂတ်ဟာလည်း ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဘာပေရဲ့ အသင်းပြောင်း မပြောင်းအပေါ်မှာပါ မူတည်လို့နေတယ်လို့ အီတလီ နာမည်ကျော် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့ပြီး အသင်းနဲ့ သက်တမ်းတိုးမတိုး ဒါမှမဟုတ် လက်ကျန်တစ်နှစ်အတွင်း ဂျုဗင်တပ်စ်အသင်းမှာပဲ ဆက်လက်ရှိမရှိဆိုတာကို လာမယ့်ရက်ပိုင်းလေးအတွင်းမှာပဲ ဆုံးဖြတ်ချက်ချသွားလိမ့်မယ်လို့ အီတလီ နာမည်ကျော် သတင်းစာ Corriere dello Sport ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုရဲ့ အနာဂတ်ဟာလည်း ဘာပေ ပီအက်စ်ဂျီမှာ ဆက်ရှိနေမရှိနေဆိုတဲ့ အခြေအနေပေါ်မှာပါ မူတည်လျက် ရှိနေတယ်လို့ ထပ်မံဖော်ပြလာခဲ့ပါတယ်။

Photo Credit : Eurosports

ဘာကြောင့်လဲဆိုတော့ ပီအက်စ်ဂျီအသင်းရဲ့ အသက်(၂၂)နှစ်အရွှယ် ပြင်သစ်ကြယ်ပွင့်လေး ဘာပေက အသင်းမှာ စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်ရှိနေတော့သလို အသင်းနဲ့ သက်တမ်းတိုးဖို့ကိုလည်း ပယ်ချထားတာဖြစ်လို့ ဒီနွေစျေးကွက်အတွင်းမှာသာ ဘာပေနဲ့ လမ်းခွဲရမယ်ဆိုရင် ပီအက်စ်ဂျီအသင်းဘက်က ဘာပေရဲ့နေရာအတွက် ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖွယ် ရှိနေတာကြောင့်ပါပဲ။ ရော်နယ်ဒိုကလည်း အင်္ဂလန် အီတလီ စပိန်မြေတွေမှာ အောင်မြင်မှုအသီးသီးကို ရယူနိုင်ခဲ့သူဖြစ်လို့ သူရဲ့ကစားသမားဘဝ အဆုံးမသတ်ခင်မှာ သူလုံးဝမကျင်လည်ဖူးသေးတဲ့ ပြင်သစ်မြေမှာပါ အောင်မြင်မှုတွေ ထပ်ယူသွားဖို့အတွက် စိတ်အားထက်သန်နေမှာ သေချာပါတယ်။ လက်ရှိအနေအထားအရ ဘာပေက ဒီနွေမှာ အသင်းကနေ ထွက်ခွာသွားဖို့ထက် စာချုပ်ကုန်ဆုံးချိန်မှသာ အသင်းကနေ လမ်းခွဲသွားဖို့ ဆန္ဒရှိနေတဲ့အတွက် ဘာပေလိုပဲ ရော်နယ်ဒိုလည်း ဂျုဗင်တပ်စ်မှာ စာချုပ်သက်တမ်း ကျန်ရှိချိန်ထိ ဆက်လက်ရှိနေပြီး သက်တမ်းကုန်ချိန်မှသာ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းသွားနိုင်ဖွယ် ရှိနေရပါတယ်။ ဒါပေမယ့်လည်း ဒီလို ဘောလုံးလောကရဲ့ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဘာပေတို့အနေနဲ့ ဒီနွေစျေးကွက်မှာပဲ အသင်းအပြောင်းအလဲတွေလည်း ရှိနိုင်တာမို့ ဆက်လက်စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။