ဘာစီလိုနာအသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အင်တာမီလန် အသင်းတို့မှာ ကစားခဲ့ဖူးကာ အောင်မြင်မှု များစွာကို ရယူ ဆွတ်ခူးနိုင်ခဲ့တဲ့ ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူး ရိုနယ်ဒို (ဒိုကြီး) ကတော့ သူနဲ့ နာမည်တူ ကစားသမား တစ်ဦးဖြစ်သလို သူ့လိုမျိုး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိထားတဲ့ ပေါ်တူဂီ ကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒို (ဒိုလေး) ရဲ့ အထူးခြားဆုံး အရည်အသွေး တစ်ခုကို ပြောပြ သွားခဲ့ပါတယ်။ ဒိုကြီးဟာ ၂၀၀၀ ဝန်းကျင်မှာ ဘောလုံးလောကရဲ့ အအောင်မြင်ဆုံးနဲ့ တစ်ဖက် အသင်းရဲ့ ခံစစ်မှူးတွေ ၊ ဂိုးသမားတွေကို အိမ်မက်ဆိုးတွေ ပေးလေ့ရှိသူ ဖြစ်ကာ ဒဏ်ရာပြဿနာတွေကြောင့် ဘောလုံးလောက ကနေ စောလျင်စွာ အနားယူခဲ့ရပေမယ့် လက်ရှိ အချိန်အထိ သူ့ရဲ့ အကြောင်းကို ဘောလုံးလောကမှာ တခုတ်တရ ပြောနေရဆဲပါပဲ။

Photo Credit: Sportbible

တစ်ဖက်မှာလည်း စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းမှာ ကစားနေတဲ့ ပေါ်တူဂီ ကြယ်ပွင့် ရိုနယ်ဒို (ဒိုလေး) ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ခြေစွမ်းပြနေဆဲ ဖြစ်ပြီး မကြာခင်မှာ အသက် ၃၆နှစ် ပြည့်တော့မှာ ဖြစ်ပေမယ့် ရိုနယ်ဒိုဟာ ဂိုးသမားတွေ အတွက် အိမ်မက်ဆိုး တစ်ခု ဖြစ်နေဆဲပါ။ ဒိုကြီးကတော့ သူနဲ့ နာမည်တူသလို တစ်ဖက် ခံစစ်မှူးတွေ ကြောက်ရွံ့ရလောက်အောင် ကြီးမားတဲ့ အရှိန်အဝါကို ပိုင်ဆိုင်တာလည်း တူတဲ့ ဒိုလေးရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေပြီး ဒိုလေးဟာ ပွဲတစ်ခု အတွင်းမှာ အကောင်းဆုံး မကစားနိုင်ရင်တောင် တစ်မိနစ် အတွင်းမှာ ပွဲရဲ့ အလှည့်အပြောင်းကို လုပ်ဆောင်နိုင်စွမ်း ရှိတယ် လို့ ချီးကျူး သွားပါတယ်။

Photo Credit: Sportbible

ဒိုလေးရဲ့ ပွဲတစ်ပွဲကို အလှည့်အပြောင်း လုပ်နိုင်တဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ဒိုကြီးက “သူက ကျွန်တော် ရီးရဲလ်မက်ဒရစ် အသင်းမှာ တွေ့ခဲ့ဖူးတဲ့ ကစားသမားလေး မဟုတ်တော့ပါဘူး။ အတော်ကို ပြောင်းလဲသွားပါပြီ။ သူက သူ့ကိုယ်သူ ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာကိုလည်း သိပါတယ်။ ခင်ဗျား သူ့ရဲ့ ဆာဆူအိုလိုနဲ့ ပွဲစဉ်ကို ကြည့်လိုက်လား။ သူက အဲ့ဒီပွဲမှာ တစ်ပွဲလုံးနီးပါး ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် တစ်မိနစ်လောက် အတွင်းမှာ သူက ခင်ဗျားကို နာကျင်သွားအောင် လုပ်ဆောင်နိုင်ပါတယ်” လို့ ဆိုကာ ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။ ရိုနယ်ဒို (ဒိုလေး) ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်း အတွက် စီးရီးအေပွဲစဉ် ၁၃ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၁၅ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ် ထားနိုင်သူလည်း ဖြစ်ပါတယ်။

The post ဒိုလေးရဲ့ အထူးခြားဆုံး အရည်အသွေးကို ပြောပြကာ ချီးကျူးသွားတဲ့ ဒိုကြီး appeared first on MySport Myanmar.