အီတလီ စီးရီးအေ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကတော့ ဂျူဗင်တပ်အသင်းကသာ လာမယ့် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိပါက ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာဖို့ အတွက် စဉ်းစားနေပြီ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၃၆နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ ၂၀၂၂ခုနှစ် ဇွန်လ ၃၀ရက်နေ့ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ အတွက် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေပါတယ်။

Photo Credit: Metro

ရိုနယ်ဒိုဟာ ဘောလုံးသမားတဦး အတွက် နေဝင်ချိန်ကို ရောက်နေပြီ ဆိုပေမယ့် သူ့ရဲ့ အကောင်းဆုံး ဂိုးသွင်းခြေစွမ်းတွေဟာ လက်ရှိအချိန်အထိ ကျဆင်းသွားခြင်း မရှိသေးပဲ လက်ရှိ ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်း အတွက် ၃၉ပွဲအထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၃၂ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၄ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ရိုနယ်ဒိုကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ အသင်းတွေ ရှိနေတာ ဖြစ်ပြီး ဂျူဗင်တပ်အသင်းရဲ့ တာဝန်ရှိသူတွေကလည်း အသင်းရဲ့ ကျပ်တည်းနေတဲ့ ဘဏ္ဏာရေး အခြေအနေကြောင့် လုပ်ခလစာ မြင့်မားတဲ့ ရိုနယ်ဒိုကို အသင်းကနေ ရောင်းထုတ်ဖို့ စဉ်းစားနေကြောင်း တူရင်မြို့ အခြေစိုက် သတင်းဌာနတွေက ရေးသားနေကြပါတယ်။

Photo Credit: Metro

 

အီတလီ နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ Tutto Sport သတင်းဌာနရဲ့ ဖော်ပြမှုအရတော့ ရိုနယ်ဒိုဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် ဆန္ဒရှိနေတာကြောင့် လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မရေမရာ ဖြစ်နေတဲ့ ဂျူဗင်တပ်အသင်းရဲ့ အနေအထားကို အားမလို အားမရ ဖြစ်နေကာ အကယ်၍ ချန်ပီယံလိဂ်ဝင်ခွင့်သာ မရပါက အသင်းကနေ ကျိန်းသေပေါက် ထွက်ခွာမှာပါ။ လက်ရှိမှာတော့ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်က ရိုနယ်ဒိုအတွက် သင့်တော်မယ့် အသင်းကို ရှာဖွေနေပြီး အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေကာ ပီအက်စ်ဂျီအသင်းကတော့ ဒုတိယ ရေပန်းအစားဆုံး နေရာမှာ ရှိနေပါတယ်။

The post လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရရင် ဂျူဗင်တပ်ကနေ ထွက်ခွာမယ့် ရိုနယ်ဒို appeared first on MySport Myanmar.