ကိုင်ဟားဗက်ဇ် အတွက်တော့ ချယ်လ်ဆီး ကစားသမားဘဝ အစဟာ လွယ်ကူတဲ့ စတင်မှုတစ်ရပ်တော့ မဟုတ်ခဲ့ပါဘူး၊ ဒါပေမယ့်လည်း ဆိုင်မန် ရို့ဖ်စ် ကတော့ ဟားဗက်ဇ် အနေနဲ့ ပရီးမီးယားလိဂ်မှာ ထွန်းတောက်လာနိုင်တယ်ဆိုတာ သံသယ ရှိ‌မနေပုံတော့ ရပါတယ်။ ကိုင် ဟားဗက်ဇ်မှာ ကမ္ဘာ့အဆင့်မှီ ကစားသမားတစ်ဦးဖြစ်ဖို့ အတွက် အရည်အချင်း အားလုံး အပြည့်အစုံ ရှိနေပေမယ့်လည်း ချယ်လ်ဆီးမှာ အခြေကျဖို့ အတွက်တော့ အချိန်လိုအပ်တယ်လို့ လေဗာကူဆန် အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ ဆိုင်မွန် ရို့ဖ်စ် က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းအနေနဲ့ ဂျာမန်လက်ရွေးစင် ကစားသမားဖြစ်သူ ဟားဗက်ဇ် ကို စက်တင်ဘာလက လီဗာကူဆန် အသင်းကနေ ခေါ်ယူဖို့ အတွက် ပေါင် ၇၂ သန်း( ယူရို သန်း ၈၀ ) အသုံးပြုထားရတာ ဖြစ်ပေမယ့်လည်း ကစားသမားအနေနဲ့ ပေးရတဲ့ တန်ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသမထားနိုင်တာ ဖြစ်ပါတယ်။

Photo Credit: Metro

ကွင်းလယ်တိုက်စစ် ကစားသမားဖြစ်သူ ကိုင် ဟားဗက်ဇ် ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ၂၅ ပွဲပါဝင် ကစားထားရာမှာ ၅ ဂိုးသွင်းယူပြီး ၅ ကြိမ် ဂိုးဖန်တီးပေးထားနိုင်သလို အခွင့်အရေးဖန်တီးမှုအပိုင်းမှာ ၂၃ ကြိမ်( မိနစ် ၉၀ ကို ပျမ်းမျှ ၁.၄ ကြိမ် ) နဲ့ အခွင့်အရေးကြီးကြီးမားမား ဖန်တီးမှုအပိုင်းမှာလည်း( မိနစ် ၉၀ ကို ၀.၃ ကြိမ် ) ပြုလုပ်ထားနိုင်တာ ဖြစ်ပါတယ်။ ကိုင် ဟားဗက်ဇ် ရဲ့ လေဗာကူဆန် အသင်းမှာ နောက်ဆုံးရာသီက စွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်ရရင်တော့ ၄၅ ပွဲပါဝင် ကစားခဲ့ရာမှာ ၁၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး ( မိနစ် ၉၀ ကို ၀.၄၃ ဂိုး ), ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်နိုင်ခဲ့ကာ( မိနစ် ၉၀ ကို ၀.၂၁ ကြိမ် ), အခွင့်အရေး ဖန်တီးမှု ၈၄ ကြိမ်( မိနစ် ၉၀ ကို ၁.၉၉ ကြိမ် ) နဲ့ အခွင့်အရေးကြီးကြီးမားမား ဖန်တီးမှုအပိုင်းမှာတော့ အကြိမ် ၂၀( မိနစ် ၉၀ ကို ၀.၄၇ ကြိမ် ) ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆိုင်မန် ကတော့ သူ့ရဲ့ ကစားသမားဟောင်း ဖြစ်သူနဲ့ ပတ်သက်ပြီး အပြည့်အဝ ယုံ‌ကြည်ကြောင်း အခုလိုပဲ ပြောဆိုခဲ့ပါတယ်။

Photo Credit: Metro

“ ခင်ဗျား အနေနဲ့ နိုင်ငံပြောင်းကစားရရင် အမြဲတမ်းခက်ခဲလေ့ရှိပါတယ်၊ ပြီးတော့ မတူညီတဲ့ ပုံစံမျိုးနဲ့လည်း အနည်းငယ် ရင်ဆိုင်ရလေ့ရှိပါတယ်။ ကျွန်တော်တို့ ကစားသမားတွေကို ခေါ်ရင်လည်း အဲ့ဒီအတိုင်းပါပဲ။ အသင်းသစ်မှာ အခြေကျဖို့ အတွက် တစ်ချို့ ကစားသမားတွေက အချိန်နှစ်ရက်လိုအပ်တယ်၊ တစ်ချို့ကျတော့လည်း နှစ်ဝက်လောက် အချိန်ယူရတယ်။ ဥပမာပြရရင်၊ ပြင်သစ်ကပြောင်းလာတဲ့ မူဆာ ဒီအာဘီ ဆိုရင် ပီအက်စ်ဂျီလို အသင်းကြီးမျိုးမှာ ကစားခဲ့တဲ့ ကစားသမားဖြစ်ပေမယ့် ဘွန်ဒက်လီဂါနဲ့ လိုက်လျောညီထွေဖြစ်ဖို့ အတွက် သူ အချိန် သုံးလ၊ လေးလ လောက်ယူခဲ့ရပါတယ်။ ခင်ဗျား အနေနဲ့ ကစားသမားခေါ်တဲ့ အခါမှာ ဘယ်သူမှ ပထမနေ့ကတည်းက တန်းပြီးတော့ ခြေစွမ်းပြနေမှာ မဟုတ်ဘူးဆိုတာကို ခင်ဗျား စိတ်ထဲမှာ မှတ်ထားဖို့ လိုပါမယ်။ ကျွန်တော် ချယ်လ်ဆီး အကြောင်းကို အနည်းငယ်ပဲ သိပါတယ်၊ ဒါပေမယ့် ရုန်းကန်နေရာကတော့ ကိုင်ကော၊ တီမိုကော ပဲတင် မဟုတ်ပါဘူး၊ တစ်သင်းလုံး ရုန်းကန်နေရတာပါ။ အသင်းအနေနဲ့ အခြေအနေကောင်းမှာ ရှိမနေတဲ့အပြင် ခင်ဗျား က ကစားသမားအသစ်ဆိုရင် လွယ်ကူမှာမဟုတ်ပါဘူး။ အသင်းအနေနဲ့ အခြေအနေကောင်းနေပြီး ခင်ဗျားကလည်း အကောင်းဆုံး ပုံစံနဲ့ ရောက်လာတယ်ဆိုရင်တော့ အများကြီး လွယ်ကူပါလိမ့်မယ်။ ကိုင်အနေနဲ့ အင်္ဂလန်နဲ့ ပရီးမီးယားလိဂ်မှာ လိုက်လျောညီထွေ ဖြစ်ဖို့ လိုပါသေးတယ်။ ကိုင်အတွက်တော့ အကောင်းဆုံး ခြောက်လ မဖြစ်ခဲ့ပေမယ့် ကျွန်တော့်အမြင်မှာတော့ ကိုင်ဟာ ကစားသမားကောင်း တစ်ယောက်ဖြစ်ပြီးတော့ ကမ္ဘာ့ထိပ်တန်းကစားသမားတစ်ဦးမှာ ရှိတဲ့ အရည်အချင်းမျိုး ရှိနေတယ်ဆိုတာ သံသယလုံးဝ ဖြစ်စရာ မရှိပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။

The post ဟားဗက်ဇ်ကို အချိန်တစ်ခုသာ ပေးဖို့ လိုတယ်လို့ ဆိုလာတဲ့ လေဗာကူဆင် ဒါရိုက်တာ appeared first on MySport Myanmar.