ရီးယဲလ်မက်ဒရစ်အသင်းကတော့ လာမယ့်နွေစျေးကွက်အတွင်းမှာ အသုံးစရိတ်များစွာနဲ့ ကစားသမားသစ်တွေကို ခေါ်ယူသွားနိုင်ဖို့အတွက် အသင်းရဲ့ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ အီဒင်ဟာဇက်နဲ့ စပါးအသင်းဆီ တစ်ရာသီ အငှားချထားတဲ့ ဂါရတ်ဘေးလ်တို့ကို ရောင်းချသွားဖို့ စီစဉ်လျက်ရှိနေပြီး ဒီကစားသမား(၂)ယောက်အတွက် ကမ်းလှမ်းမှုတွေ ရလာခဲ့မယ်ဆိုရင် စဉ်းစားသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Express

ချယ်လ်ဆီးအသင်းကနေ မြောက်များလှစွာသော ပြောင်းရွှေ့ကြေးမျိုးနဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဘယ်ဂျီယံကြယ်ပွင့် ဟာဇက်ဟာ သူရဲ့အသင်းသစ်အတွက် (၂)ရာသီအထိ ပါဝင်ကစားထားပြီးနောက်မှာ စုစုပေါင်းသွင်းဂိုး (၅)ဂိုးနဲ့ ဂိုးဖန်တီးမှု (၈)ကြိမ်ကိုသာ ပြုလုပ်ထားနိုင်ခဲ့ပြီး ဒဏ်ရာပြသာနာတွေကြောင့် ပွဲအများစုကို လွဲချော်ခဲ့ရကာ (၂)ရာသီအတွင်း ပွဲပေါင်း (၄၃)ပွဲသာ ပါဝင်နိုင်ခဲ့ရပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေနဲ့အတူ ဟာဇက်ရဲ့တန်ကြေးဟာလည်း ကျဆင်းသွားခဲ့ရပြီး Transfermarket မှာ ဖော်ပြထားချက်အရဆိုရင် ဟာဇက်ရဲ့ လက်ရှိတန်ကြေးက ယူရိုသန်း(၄၀)ခန့်သာ ရှိနေရပါတယ်။

Photo Credit : Goal

ဒီလိုအခြေအနေရှိနေတဲ့ ဟာဇက်ကို ရီးယဲလ်အသင်းဘက်ကနေ ရောင်းချသွားချင်နေပြီး လက်ရှိမှာလည်း ဟာဇက်ဟာ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးအသင်းဆီကို ပြန်သွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်လို့နေပါတယ်။ ရီးယဲလ်ဘက်က ဟာဇက်အပြင် နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်ကိုလည်း အသင်းကနေ အပြီးသတ်ရောင်းထုတ်သွားချင်နေပါတယ်။ စပါးအသင်းဆီမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ ဘေးလ်ဟာ မကြာခင်မှာ အငှားစာချုပ် ပြည့်တော့မှာဖြစ်လို့ ရီးယဲလ်အသင်းဆီ ပြန်ရောက်လာတော့မှာဖြစ်ပေမယ့် ရီးယဲလ်ဘက်ကတော့ ဘေးလ်ကို အသင်းမှာ ပြန်လည်အသုံးပြုသွားဖို့ထက် သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတစ်ခုဆီကိုသာ ရောင်းချသွားချင်နေပါတယ်။ လက်ရှိမှာ စပါးဘက်က သူရဲ့အဓိကတိုက်စစ်မှူး ဟာရီကိန်းကို လက်လွတ်ရဖို့ ရှိနေတဲ့အတွက် ဘေးလ်ကို အသင်းမှာ အပြီးသတ်ခေါ်ယူဖွယ် ရှိနေသလို ဘေးလ်ကိုယ်တိုင်ကလည်း စပါးနဲ့ ဆက်လက်ပူးပေါင်းသွားဖို့ ဆန္ဒရှိနေတာကြောင့် လာမယ့်နွေမှာ ဟာဇက်ရော ဘေးလ်ပါ ရီးယဲလ်အသင်းနဲ့ အသီးသီး လက်တွဲဖြုတ်သွားရနိုင်ပါတယ်။

The post ဟာဇက်နဲ့ ဂါရတ်ဘေးလ်တို့အတွက် ကမ်းလှမ်းမှုတိုင်းကို စဉ်းစားပေးသွားမယ်ဆိုတဲ့ ရီးယဲလ် appeared first on MySport Myanmar.