ရီးယဲလ်မက်ဒရစ်အသင်းကတော့ အသင်းမှာ ဘောလုံးရာသီ (၂)ရာသီနီးပါး ပါဝင်ကစားခဲ့ပြီး အသင်းအတွက် မယ်မယ်ရရ စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ခဲ့တဲ့ ဘယ်ဂျီယံတိုက်စစ်ကစားသမား အီဒင်ဟာဇက်အပေါ်မှာ သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးသွားခဲ့တာကြောင့် လာမယ့်နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ပြန်လည်ရောင်းချသွားဖို့ စီစဉ်လာခဲ့ကာ ကမ်းလှမ်းလာမှုတိုင်းကိုလည်း နားစွင့်သွားမယ်လို့ သိရှိရပါတယ်။

Photo Credit : The Real Champs

အသက်(၃၀)အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် ကြယ်ပွင့်ကစားသမား ဟာဇက်ဟာ ၂၀၁၉ခုနှစ်ကမှ ချယ်လ်ဆီးကနေ ရီးယဲလ်အသင်းဆီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်အဖြစ် ယူရို(၁၁၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ခရစ္စတီယာနိုရော်နယ်ဒို မရှိတော့တဲ့နောက်ပိုင်း ရော်နယ်ဒိုရဲ့ကွက်လပ်ကို အစားထိုးနိုင်မယ်သူလို့ အားလုံးက ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဟာဇက်က စပိန်မြေမှာ အတော်လေးကို ရုန်းကန်နေခဲ့ရပြီး ဒဏ်ရာတွေနဲ့ မကြာခဏ ရင်ဆိုင်နေခဲ့ရသလို သူရဲ့စွမ်းဆောင်ရည်တွေဟာလည်း သိသိသာသာ ကျဆင်းလာခဲ့ရပါတယ်။

Photo Credit : talkSPORT

ဟာဇက်က ဒီနှစ်ဘောလုံးရာသီမှာဆိုရင်လည်း ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၁၈)ပွဲသာ ပါဝင်ကစားထားခဲ့ရပြီး သွင်းဂိုးလည်း (၃)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ရီးယဲလ်အသင်းနဲ့ ပထမဆုံး ပွဲထွက်ကစားခဲ့ရတဲ့ မနှစ်က ဘောလုံးရာသီမှာဆိုရင်တော့ ဟာဇက်ဟာ သွင်းဂိုး(၁)ဂိုးပဲ သွင်းယူနိုင်ခဲ့တဲ့အထိကို အခြေအနေ ဆိုးရွှားခဲ့ရပါတယ်။ ဒီလို စွမ်းဆောင်ရည်ပိုင်းတွေ ကျဆင်းနေရုံသာမကပဲ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းဟောင်းချယ်လ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲအပြီးမှာပါ ဗိုလ်လုပွဲကို တတ်လှမ်းခွင့်ရသွားခဲ့တဲ့ ချယ်လ်ဆီးအသင်းက သူရဲ့ကစားဖော်ဟောင်းတွေအတူ ရယ်မောပျော်ရွှင်နေခဲ့တာကြောင့် သူ့ကို ရီးယဲလ်ပရိသတ်တွေ အတော်လေး အမျက်ထွက်နေရပါတယ်။ ရီးယဲလ်အသင်းကလည်း လာမယ့်နွေမှာ အသင်းအတွက် ကစားသမားသစ်တွေများစွာ ခေါ်ယူသွားဖို့ ရှိနေတဲ့အတွက် အသုံးစရိတ် အလုံအလောက် ရှိနေဖို့ ဟာဇက်ကို ရောင်းထုတ်ပြီး ငွေပြန်ရှာဖွယ် ရှိနေသလို သူတို့အလိုရှိနေတဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့အတွက် ဟာဇက်ကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ပါ အသုံးချလာနိုင်ပါတယ်။

The post ဟာဇက်အတွက် ကမ်းလှမ်းချက်တိုင်းကို နားစွင့်သွားတော့မယ့် ရီးယဲလ်မက်ဒရစ်အသင်း appeared first on MySport Myanmar.