စပိန်အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့အသင်းရဲ့ လက်ရှိ နည်းပြဖြစ်သူ ဇီဒန်းကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြရာထူး ကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေပြီး အသင်းရဲ့ နည်းပြသစ် နေရာအတွက် ဘွန်ဒက်လီဂါ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရက်ဘူးလ် လိုက်ပ်ဇက်အသင်းရဲ့ တက်သစ်စ လူငယ်နည်းပြ ဖြစ်သူ နစ်ဂယ်စမန်းကို လျာထားကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြ သွားကြပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦးဖြစ်သလို လက်ရှိ အချိန်မှာ အသင်းရဲ့ နည်းပြရာထူးကို ရယူထားတဲ့ ဇနက်ဒင်း ဇီဒန်းဟာ သူ့ရဲ့ နည်းပြဘဝမှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ များပြားတဲ့ အောင်မြင်မှုတွေကို ရယူထားနိုင်တဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: AS English

ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၃ကြိမ် ၊ လာလီဂါဖလား ၁ကြိမ် ၊ စပိန်စူပါဖလား ၂ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၂ကြိမ် ၊ ဥရောပစူပါဖလား ၂ကြိမ်နဲ့ စပိန်ဖလား ၂ကြိမ်တို့ကို အရယူထားနိုင်သူ ဖြစ်ပေမယ့် လက်ရှိ ရာသီမှာတော့ ဇီဒန်းရဲ့ အသင်းဟာ ထင်ထားသလောက် ခြေစွမ်းကောင်းမွန်ခြင်း မရှိသလို ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာလည်း စပိန်စူပါဖလားနဲ့ စပိန်ဘုရင့်ဖလား ပြိုင်ပွဲတွေ ကနေ ထွက်ခွာခဲ့ရပါတယ်။ ဒါ့အပြင် လာလီဂါပြိုင်ပွဲမှာလည်း ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကို အသင်းထက် တစ်ပွဲအသာ ကစားထားပေမယ့် ရမှတ် ၇မှတ် အထိ လျော့နည်းနေတာကြောင့် ရာသီကုန်မှာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ဖို့ မရေရာ မသေချာတဲ့ အနေအထား တစ်ရပ်မှာ ရှိပါတယ်။

Photo Credit: AS English

ဒါ့ကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဇီဒန်းကို အသင်းရဲ့ နည်းပြရာထူး ကနေ ထုတ်ပယ်ဖို့ စဉ်းစားနေတာ ဖြစ်ပြီး နစ်ဂယ်စမန်းဟာ သူတို့အသင်းရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်သလို နွေရာသီမှာ နစ်ဂယ်စမန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း ဂျာမန် အခြေစိုက် နာမည်အကြီးဆုံး အားကစား သတင်းဌာန တစ်ခုဖြစ်တဲ့ BILD သတင်းဌာနက အခိုင်အမာ ဖော်ပြ သွားပါတယ်။ အသက် ၃၃နှစ် အရွယ်သာ ရှိသေးတဲ့ တက်သစ်စ ဂျာမန် လူငယ်နည်းပြ နစ်ဂယ်စမန်းဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး နည်းပြ၁၀ဦး စာရင်းဝင် နည်းပြတစ်ဦး ဖြစ်ပြီး သူဟာ ငွေကြေးများစွာ သုံးစွဲခြင်း မရှိပဲ လိုက်ပ်ဇက်အသင်းကို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လျှော့တွက်လို့ မရတဲ့ အသင်းတစ်သင်း အဖြစ် ဦးဆောင် ပြထားကာ သူ့ရဲ့ လိုက်ပ်ဇက်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တာဝန်ရှိသူတွေဟာ နစ်ဂယ်စမန်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီး အကယ်၍ ဇီဒန်းသာ ရလဒ်ဆိုးတွေကို ပြောင်းပြန် လှန်နိုင်ခြင်း မရှိပါက နစ်ဂယ်စမန်းဟာ ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖွယ် ရှိကြောင်း သိရပါတယ်။

The post ရာသီကုန်မှာ နစ်ဂယ်စမန်းကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးစားနေတဲ့ ရီးရဲလ် appeared first on MySport Myanmar.