၂၀၂၀-၂၀၂၁ ဘောလုံးရာသီကြီးကတော့ အဆုံးသတ်သွားခဲ့ပါပြီ။ မပြီးဆုံးနိုင်သေးတဲ့ ကိုဗစ်ဂယက်တွေကြောင့် ရာသီပိတ်ခါနီးလောက်မှသာ ကွင်းအတွင်းထဲကို ပရိသတ်တွေ ပါဝင်ပေးခဲ့ရတဲ့ ဒီနှစ်ဘောလုံးရာသီဟာ အခက်အခဲပေါင်းများစွာရဲ့ကြားကနေ ဆုံးခန်းတိုင်ချိန်အထိ ရောက်အောင်တော့ ကျင်းပသွားနိုင်ခဲ့ရပါတယ်။ ဘောလုံးရာသီ ပြီးဆုံးချိန်မှာတော့ ဘောလုံးပရိသတ်တွေ မမျှော်လင့်ထားတဲ့ အရာတွေလည်း ဖြစ်ပွားခဲ့ရပြီး ဥရောပထိပ်တန်းကလပ် ရီးယဲလ်မက်ဒရစ်အသင်းမှာလည်း ဆယ်စုနှစ်တစ်ခုအတွင်း ဖလားတွေ ဆက်တိုက်ရယူလာရာကနေ ဒီရာသီမှာတော့ ဖလားလက်မဲ့ဘဝကို ပြန်လည်ရောက်ရှိသွားခဲ့ရတာကလည်း ပရိသတ်တွေအတွက် Shock ရစေခဲ့ပါတယ်။

Photo Credit : Sky Sport

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက စပိန်လာလီဂါဖလားနဲ့ စပိန်စူပါဖလားတို့ကို သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီမှာတော့ လာလီဂါဖလားကို ပြန်လည်ကာကွယ်နိုင်ဖို့အတွက် ရာသီပိတ်နောက်ဆုံးပွဲအထိ မြို့ခံအသက်လက်တီကိုအသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပေမယ့်လည်း ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရသလို ချန်ပီယံလိဂ်ဘက်မှာလည်း ချယ်လ်ဆီးကို အရေးနိမ့်ပြီး ဆီမီးဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ထားခဲ့ရပါတယ်။ ဒါ့အပြင် ပြည်တွင်းရှုံးထွက်ဖလားတစ်ခုဖြစ်တဲ့ ကိုပါဒယ်ရေးမှာဆိုရင်လည်း (၃၂)သင်းအဆင့်မှာပဲ ကလပ်အသင်းငယ်လေးကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရသလို အသွင်သစ်နဲ့ ကျင်းပခဲ့တဲ့ စပိန်စူပါဖလားမှာလည်း ဘီလ်ဘာအိုကို ရှုံးနိမ့်ပြီး ဆီမီးအဆင့်ကနေသာ လှည့်ပြန်ခဲ့ရပါတယ်။

Photo Credit : FobMob

ဒီလို ပြိုင်ပွဲအရပ်ရပ်မှာ ဆုဖလားအောင်မြင်မှုတွေနဲ့ အလှမ်းဝေးသွားခဲ့ရခြင်းဟာ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ခဲ့ရပြီး ရီးယဲလ်အသင်းက အသင်းရဲ့နာမည်ကျော် ဘောလုံးသမားတွေ နည်းပြတွေနဲ့ လက်တွဲဖြုတ်ခဲ့ရတာတောင် ဆယ်စုနှစ်အတွင်းမှာ နှစ်တိုင်းလိုလို ဆုဖလားတစ်ခုမဟုတ်တစ်ခု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေဆိုးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာ စပိန်လက်ရွေးစင်အသင်းရဲ့ ယူရို-၂၀၂ဝပြိုင်ပွဲအတွက် လူစာရင်းကို ထုတ်ပြန်လာခဲ့ရာ ဖလားလက်မဲ့ရာသီကို ဖြတ်သန်းခဲ့ရတဲ့ ရီးယဲလ်ကစားသမားတွေကို လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ တစ်ဦးတစ်ယောက်မှ ပါဝင်လာခြင်းမရှိတာကို အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့ရပါတယ်။ တခြားကစားသမားတွေထက် ဝါရင့်နောက်ခံလူကြီး ရာမို့စ်ကို ချန်လှပ်ခဲ့တာက ပိုအံ့အားသင့်စရာ ဖြစ်ခဲ့ရပေမယ့် ဒါဟာ ရီးယဲလ်အသင်းရဲ့ ဖလားလက်မဲ့ရာသီ ဖြတ်သန်းခဲ့မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုလို့ပဲ မြင်မိပါတယ်။

The post ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဖလားလက်မဲ့ရာသီ ဖြတ်သန်းခဲ့ရမှုနဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခု appeared first on MySport Myanmar.