စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့အသင်းရဲ့ အဓိက နောက်ခံလူလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ဆာဂျီယို ရာမို့စ်ရဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ အားလုံးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း နာမည်ကြီး စပိန် အခြေစိုက် သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။

အသက် ၃၄နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ စပိန်လက်ရွေးစင် အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား တစ်ဦးဖြစ်ကာ ရီးရဲလ်မက်ဒရစ် ကသာ သူ့ကို စာချုပ်သစ် မချုပ်ဆိုနိုင်ပါက ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဒါ့ကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဟာ ရာမို့စ်ကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ အတွက် စာချုပ်သစ် ကမ်းလှမ်းမှုကို ဆက်တိုက် ပြုလုပ်ခဲ့ပေမယ့် အသက် ၃၀ အထက် ကစားသမားတွေကို ၁နှစ်ထက် ပိုတဲ့ စာချုပ်သစ် ကမ်းလှမ်းခြင်း မပြုရ ဆိုတဲ့ အသင်းရဲ့ ပေါ်လစီကြောင့် ရာမို့စ်ကို ၁နှစ် + ၁နှစ် ဆိုတဲ့ စာချုပ်နဲ့သာ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရပြီး ရာမို့စ်ကတော့ အနိမ့်ဆုံး ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် တစ်ရပ်ကို လိုချင်နေကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။

စပိန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Diario AS သတင်းဌာန ကတော့ ရာမို့စ်နဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ကြားမှာ ပြုလုပ်နေတဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ အားလုံးဟာ ရပ်တန့်သွားပြီ ဖြစ်ကာ ရာမို့စ်နဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကြားမှာ စာချုပ်သက်တမ်းနဲ့ ပတ်သတ်ပြီး အနည်းငယ် ညှိနှိုင်းစရာတွေ ရှိနေသေးသလို လစာငွေကိစ္စနဲ့ ပတ်သတ်ပြီးလည်း သဘောတူညီမှုတွေ မရခဲ့တာကြောင့် ဆွေးနွေးမှုတွေကို ရပ်တန့်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

Photo Credit: Marca

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ စာချုပ်သစ်မှာ ရာမို့စ်ကို လက်ရှိ ရရှိနေတဲ့ လုပ်ခလစာထက် ၁၀ရာခိုင်နှုန်း ပိုမို နည်းပါးတဲ့ ပမာဏမျိုးကိုသာ ပေးချေဖို့ ဆန္ဒရှိနေပြီး ရာမို့စ် ကတော့ အဆိုပါ ကမ်းလှမ်းချက်ဟာ သူ့အပေါ် လေးစားမှု မရှိတဲ့ လုပ်ရပ်လို့ ယူဆနေကြောင်း သိရှိ ရပါတယ်။ ဒါ့အပြင် ပြင်သစ် အခြေစိုက် သတင်းဌာန အများစုရဲ့ ဖော်ပြချက် အရ ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ ရာမို့စ်ကို တစ်နှစ်လုပ်ခ ယူရို ၁၅သန်း ပေးချေမှာ ဖြစ်သလို ၃နှစ် စာချုပ် ချုပ်ဆိုပါ့မယ် ဆိုတဲ့ ကမ်းလှမ်းမှု တစ်ခုကိုလည်း ပြုလုပ် ထားကြောင်းနဲ့ ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချကာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ကူးနေကြောင်း သိရှိ ထားရပါတယ်။

The post ရာမို့စ်ရဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ အားလုံးကို ရပ်တန့်လိုက်တဲ့ ရီးရဲလ် appeared first on MySport Myanmar.