စပိန်လာလီဂါပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကတော့ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်ဖွင့်ချိန်မှာ သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေကို အရခေါ်ယူသွားနိုင်ဖို့အတွက် အသုံးစရိတ် လုံလုံလောက်လောက် ရှိနေနိုင်အောင် အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ နောက်ခံလူ ရာဖယ်ဗာရန်းကို ရောင်းချသွားဖို့အထိပါ ပြင်ဆင်လာဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sportslen

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ အသင်းရဲ့ ဘာနေဗျူးကွင်း ပြုပြင်တည်ဆောက်မှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ဂယက်တွေကြောင့် အသင်းဘဏ္ဍာရေးအခြေအနေ မတည်မငြိမ် ဖြစ်ခဲ့ရလို့ ကစားသမားခေါ်ယူမှုတွေ မလုပ်ဆောင်နိုင်ခဲ့ပဲ ရှိတဲ့လူအင်အားနဲ့ပဲ ဒီနှစ်ရာသီကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်နွေစျေးကွက်အတွင်းမှာတော့ အသင်းအတွက် ဘာပေ ဟာလန်းတို့လို ဥရောပရဲ့ အထွန်းတောက်ဆုံးသော ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူသွားဖွယ် ရှိနေတာကြောင့် အသုံးစရိတ် များများရှိနေစေဖို့အတွက် ဗာရန်းလို အသင်းရဲ့ Main Player တစ်ဦးကို ရောင်းထုတ်သွားဖို့ပါ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Manchester Evening Standard

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ဗာရန်းဟာ ၂၀၁၁ခုနှစ်ကတည်းက လန်းစ်အသင်းကနေ ရီးရဲလ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဆယ်စုနှစ်တစ်ခုကြာအထိ ပါဝင်ကစားခဲ့ကာ အသင်းနဲ့လည်း ဆုဖလားပေါင်းများစွာကို သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဗာရန်းဟာ အသင်းနဲ့ စာချုပ်သက်တမ်းက လာမယ့် ၂၀၂၂ခုနှစ် ဇွန်လကုန်မှာပဲ ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းအနေနဲ့ သူ့ကို သက်တမ်းတိုးဖို့ မလွယ်ကူတော့ဘူးဆိုရင် လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းကနေ အမြန်ရောင်းချရတော့မှာဖြစ်ပါတယ်။ အတွေ့အကြုံကောင်းတွေ များစွာရှိထားတဲ့အပြင် World Class နောက်ခံလူတွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဗာရန်းကို မန်ချက်စတာယူနိုက်တက်အသင်းကနေ အဓိကပစ်မှတ်ထားနေတာဖြစ်ပြီး ရီးရဲလ်ဘက်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၆၀)ဝန်းကျင်လောက်အထိကို အလိုရှိနေပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ကိုလည်း လက်လွတ်ရတော့မှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ်အလာဘာကို ပြန်လည်ခေါ်ယူသွားဖို့ အနီးစပ်ဆုံး ဖြစ်လို့နေပါတယ်။

The post နွေစျေးကွက်အတွင်းမှာ နောက်ခံလူ ဗာရန်းကို ရောင်းချသွားဖို့ ပြင်ဆင်လာခဲ့တဲ့ ရီးရဲလ်မက်ဒရစ် appeared first on MySport Myanmar.