ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်ကြယ်ပွင့် လူငယ်တိုက်စစ်မှူးလေး ကီလီယန်အမ်ဘာပေကို လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းဆီ အရခေါ်ယူသွားဖို့အတွက် စျေးကွက်အတွင်းမှာ အသင်းက ကစားသမား(၆)ယောက်ခန့်ကို ရောင်းချပြီး ဘာပေကို ခေါ်ယူရေးအတွက် အသုံးစရိတ် ရှာဖွေသွားဖွယ် ရှိနေတယ်လို့ စပိန်နိုင်ငံရဲ့ နာမည်ကြီးသတင်းစာ AS ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : PSG Talk

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားလေး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၂ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းဘက်ကနေ စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေပေမယ့်လည်း ကစားသမားဘက်ကနေ သက်တမ်းတိုးဖို့ကို စိတ်ဝင်စားမှု မပြသသေးတဲ့အတွက် ဒီအခြေအနေကို ရီးရဲလ်ဘက်ကနေ အခွင့်အရေးယူသွားဖို့ စတင်စီစဉ်လာခဲ့ပါတယ်။ ဘာပေရဲ့တန်ကြေးက လက်ရှိမှာ ယူရိုသန်း(၁၈၀)လောက် ရှိနေပေမယ့်လည်း ရီးရဲလ်ဘက်က ပြောင်ရွှေ့ကြေး ပေါင်(၁၃၅)သန်းဝန်းကျင်လောက်နဲ့ ကမ်းလှမ်းဖွယ်သာရှိပြီး ဒီအသုံးစရိတ်အတွက်ကိုလည်း ကစားသမား(၆)ယောက်ကို ရောင်းချသွားဖို့ပါ ပြင်ဆင်နေခဲ့တယ် သိရပါတယ်။

Photo Credit : Teamtalk

ရီးရဲလ်အသင်းဘက်ကနေ ရောင်းချသွားမယ့် ကစားသမားတွေထဲမှာ လက်ရှိအသင်းသားတွေဖြစ်တဲ့ နောက်ခံလူမာဆယ်လို ကွင်းလယ်လူအစ္စကို တိုက်စစ်မှူးလူကာဂျိုဗစ်နဲ့ အသင်းကနေ အငှားချထားခဲ့တဲ့ ဂါရတ်ဘေးလ် ဒန်နီစီဘယ်ယို့စ် ဘရာဟင်ဒီယက်ဇ်တို့ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒီကစားသမားတွေကို ရောင်းချသွားပြီး ရရှိလာမယ့် ပြောင်းရွှေ့ကြေးနဲ့ ဘာပေကို ခေါ်ယူဖို့အတွက် ပြန်လည်အသုံးချသွားမယ်လို့ သိရှိရပါတယ်။ ရီးရဲလ်အသင်းအနေနဲ့ ဘာပေကို ခေါ်ယူသွားဖို့ အဓိကပစ်မှတ်ထားနေတာဖြစ်ပေမယ့်လည်း ဒီရာသီမှာတော့ အသင်းက သူတို့ရဲ့အိမ်ကွင်း ဘာနေဗျူးကို ပြင်ဆင်နေတာဖြစ်လို့ အသုံးစရိတ် ချွေတာနေရတဲ့အပြင် ကိုဗစ်ကြောင့် အသင်းရဲ့ဘဏ္ဍာရေးထိခိုက်နေရတဲ့အတွက် ဘာပေကို ခေါ်ယူဖို့အတွက် နောက်တစ်နှစ်ကို ရွေ့ဆိုင်းလိုက်ရတာဖြစ်ကာ လာမယ့်နွေစျေးကွက်မှာတော့ ဘာပေအပါအဝင် ဒေါ့မွန်ကြယ်ပွင့် အာလင်းဟာလန်းကိုပါ ခေါ်ယူသွားဖို့ မျက်စိကျလျက်ရှိနေပါတယ်။ ဒါ့အပြင် အသင်းနဲ့ လမ်းခွဲတော့မယ့် ဝါရင့်နောက်ခံလူကြီး ဆာဂျီယိုရာမို့စ်နေရာမှာ အစားထိုးသွားဖို့အတွက်ကိုလည်း ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ်အလာဘာကို မက်မောလောက်စရာ တစ်နှစ်လုပ်ခပမာဏနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိနေပါတယ်။

The post ဘာပေကို အရခေါ်ယူနိုင်ဖို့အတွက် အသင်းသား(၆)ယောက်ကို ရောင်းချသွားမယ့် ရီးရဲလ် appeared first on MySport Myanmar.