ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မထင်မှတ်ပဲ လက်ရှိ ချန်ပီယံအသင်း ဖြစ်တဲ့ လီဗာပူးအသင်းကို ဖိအားပေး ကစားနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ မားကပ် ရက်ဖို့ဒ်ဟာ လက်ရှိ ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကစားသမား အဖြစ် သတ်မှတ် ခံခဲ့ရကြောင်း သိရပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ တိုက်စစ်မှူး မားကပ်ရက်ဖို့ဒ်ဟာ လက်ရှိ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြနေတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲအထိ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၁၄ဂိုး သွင်းယူ ပေးထားပြီး ဂိုးဖန်တီးမှု ၇ကြိမ် အထိ ပြုလုပ် ထားနိုင်ခဲ့သူပါ။

Photo Credit: Standard

ဒါ့အပြင် ရက်ဖို့ဒ်ဟာ ကွင်းပြင်ပမှာလည်း လူမှုလုပ်ငန်းတွေ လုပ်ခဲ့ကာ အဖွဲ့အစည်းပေါင်း များစွာက ပေးအပ်ချီးမြှင့်တဲ့ ဆုတံဆိပ်ပေါင်း များစွာကို ရရှိခဲ့တာကြောင့် သူ့ရဲ့ နာမည်ဟာ ကမ္ဘာတစ်ဝှမ်းမှာ အတော်လေး ကျော်ကြားလာပါတယ်။ ဒါ့ကြောင့်ပဲ ကမ္ဘာပေါ်မှာ ဘောလုံးသမားတွေရဲ့ ဈေးကွက် တန်ကြေးတွေကို တွက်ချက်ပေးတဲ့ CIESရဲ့ နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကစားသမား စာရင်းရဲ့ ထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဆိုပါ စာရင်းဟာ ကစားသမား တစ်ဦးရဲ့ အသက်အရွယ် ၊ ခြေစွမ်း ၊ ကျော်ကြားမှု ၊ အသင်းနဲ့ ကျန်ရှိနေတဲ့ စာချုပ်သက်တမ်း စတဲ့ အရာတွေ အပေါ် မူတည်ကာ တွက်ချက်ထားတဲ့ စာရင်းတစ်ခု ဖြစ်တာကြောင့် ကမ္ဘာပေါ်မှာ ယုံကြည်ရတဲ့ website တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

Photo Credit: Standard

CIES က ထုတ်ပြန်တဲ့ စာရင်းအရ လက်ရှိမှာ မားကပ် ရက်ဖို့ဒ်ရဲ့ တန်ကြေးဟာ ယူရို ၁၆၅.၅သန်း အထိ ရှိကြောင်း သိရပါတယ်။ ရက်ဖို့ဒ်ရဲ့နောက် ဒုတိယ တန်ကြေးအမြင့်ဆုံး ကစားသမား အဖြစ် သတ်မှတ်ခံရသူ ကတော့ ဒေါ့မွန်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဟာလန်း ဖြစ်ကာ ဟာလန်းဟာ ယူရို ၁၅၂သန်း တန်ကြေး ရှိပါတယ်။ တတိယနေရာမှာတော့ လီဗာပူးအသင်းရဲ့ လူငယ် ညာနောက်ခံလူ အာနိုးလ်က ယူရို ၁၅၁.၆သန်း နဲ့ ရှိနေပြီး စတုတ္ထနေရာ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖာနန်ဒက်က ယူရို ၁၅၁.၁သန်းနဲ့ ရှိနေပါတယ်။ ပဉ္စမနေရာ မှာတော့ ပီအက်စ်ဂျီ အသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေက ယူရို ၁၄၉.၄ သန်းနဲ့ ရှိနေခဲ့ပြီး အမ်ဘာပေဟာ အနာဂတ်ရဲ့ ရွှေဘောလုံးဆုရှင် ကစားသမား တစ်ဦးအဖြစ် အားလုံးရဲ့ တညီတညွတ်ထဲ ယူဆခြင်းကို ခံခဲ့ရပေမယ့် သူနဲ့ ပီအက်စ်ဂျီအသင်း ကြားမှာ စာချုပ်သက်တမ်းဟာ ၂နှစ် သာ ကျန်ရှိတော့တာကြောင့် သူ့ရဲ့ တန်ကြေးဟာ ယူရို ၅၀သန်းခန့် လျော့နည်း သွားတာ ဖြစ်ပါတယ်။

The post လက်ရှိ ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ရက်ဖို့ဒ် appeared first on MySport Myanmar.