နည်းပြဘဝအတွင်း ဗလင်စီယာ လီဗာပူးလ် ချယ်လ်ဆီး ရီးရဲလ်မက်ဒရစ် အင်တာမီလန် နာပိုလီတို့လို ဥရောပထိပ်တန်း ကလပ်အသင်းတွေကို ကိုင်တွယ်ဖူးခဲ့သလို နယူးကာဆဲလ်အသင်းနဲ့အတူလည်း ချန်ပီယံရှစ်လို ပြိုင်ပွဲမှာပါ ဝင်ရောက်ဆင်နွဲခဲ့ဖူးတဲ့ စပိန်လူမျိုးနည်းပြ ရာဖေးလ်ဘင်နီတက်ဇ်ကတော့ တရုတ်စူပါလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဒါလီယန်ယီဖန်းအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် သူရဲ့အသင်းဟောင်းဖြစ်တဲ့ နယူးကာဆဲလ်အသင်းဆီ ပြန်လည်ရောက်ရှိလာဖို့ နီးစပ်လျက်ရှိနေပါတယ်။

Photo Credit : The Times

အသက်(၆၀)အရွှယ်ရှိ နာမည်ကျော် ဝါရင့်နည်းပြကြီး ဘင်နီတက်ဇ်ဟာ ဒါလီယန်ပရော်ဖက်ရှင်နယ် (ယခင်က ဒါလီယန်ယီဖန်း) အသင်းကို ၂၀၁၉ခုနှစ်ကတည်းက ကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းကို ပြိုင်ပွဲစုံ (၃၈)ပွဲအထိ ကိုင်တွယ်ခဲ့ရာမှာ (၁၂)ပွဲနိုင်၊ (၈)ပွဲသရေ၊ (၁၈)ပွဲရှုံးနဲ့ နိုင်ပွဲရာခိုင်နှုန်းက (၃၁.၆%)နှုန်းသာရှိခဲ့ရပါတယ်။ ဘင်နီတက်ဇ်ဟာ သူရဲ့မိသားစုကျန်းမာရေးနဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျံ့နှံမှုအကြောင်းပြချက်တွေနဲ့ ပြီးခဲ့တဲ့ (၂၃)ရက်နေ့ကပဲ အသင်းနဲ့ လမ်းခွဲလိုက်တာဖြစ်ပြီး ဘောလုံးနယ်ပယ်ထဲကနေ အနားယူသွားဖို့လည်း အစီအစဉ်မရှိသေးတာကြောင့် သိပ်မကြာခင်မှာပဲ သူကျင်လည်ခဲ့ဖူးတဲ့ ဥရောပဘောလုံးနယ်ပယ်ထဲကို ပြန်လည်ဝင်ရောက်လာဖို့ ရှိနေတာဖြစ်ပါတယ်။

Photo Credit : The Telegraph

အသင်းလက်မဲ့ ဖြစ်သွားခဲ့ရတဲ့ ဝါရင့်နာမည်ကျော်နည်းပြကြီး ဘင်နီတက်ဇ်ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေကများစွာ ရှိုလို့နေပြီး လတ်တလောမှာလည်း စကော့တလန် ထိပ်သီးကလပ် ဆဲလ်တစ်အသင်းက သူတို့ရဲ့နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ကြိုးပမ်းနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ဘင်နီတက်ဇ်ကိုယ်တိုင်ကတော့ စကော့တလန်လိဂ်မှာ နည်းပြဖို့ထက် ပရီးမီးယားလိဂ်ကိုသာ ပြန်သွားချင်နေပြီး သူရဲ့အသင်းဟောင်း နယူးကာဆဲလ်ကို ပြန်လည်နည်းပြသွားချင်နေတယ်လို့ သိရပါတယ်။ ဘင်နီတက်ဇ်ရဲ့ အသင်းဟောင်း နယူးကာဆဲလ်ကတော့ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၆)နေရာကို ရောက်ရှိနေပြီး တန်းဆင်းဇုန်နားနဲ့ အတော်လေးကို ကပ်နေသလို အဆင့်(၁၈)နေရာက ဖူလ်ဟမ်နဲ့ (၇)မှတ်သာ ကွာဟလို့နေပါတယ်။ နယူးကာဆဲလ်ဟာ ဒီဇင်ဘာ(၁၂)ရက်နေ့က ဝက်စ်ဘရွန်းအသင်းကို အနိုင်ယူခဲ့ပြီး နောက်ပိုင်းကတည်းက ပြိုင်ပွဲစုံ(၁၀)ပွဲဆက်တိုက်မှာ နိုင်ပွဲလုံးဝကို ပျောက်ဆုံးနေခဲ့ရတာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၄)ပွဲဆက်တိုက်ကိုလည်း အရေးနိမ့်ခဲ့ရပါတယ်။ ဒီအခြေအနေကို ပြောင်းလဲသွားဖို့အတွက် လက်ရှိနည်းပြ စတိဗ်ဘရုစ်ကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြဟောင်းဘင်နီတက်ဇ်ကို ပြန်လည်ခန့်အပ်သွားဖို့ကိုလည်း နယူးကာဆဲလ်အသင်းဘက်ကနေ စဉ်စားလျက်ရှိနေပါတယ်။

The post အသင်းဟောင်း နယူးကာဆဲလ်ကိုပဲ တကျော့ပြန် ပြန်ရောက်ဖွယ်ရှိနေတဲ့ ရာဖေးလ်ဘင်နီတက်ဇ် appeared first on MySport Myanmar.