ဝါရင့်အီတလီတိုက်စစ်ကစားသမားကြီး ဖာဘီယိုကွာဂလီရယ်လာကို ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူသွားချင်နေပြီး ကမ်းလှမ်းမှုတွေကိုလည်း လုပ်ဆောင်နေချင်ပေမယ့် ဒီကစားသမားကြီးအတွက် ဂျုဗင်တပ်စ်ဘက်က ကာလတို စာချုပ်နဲ့သာ ကမ်းလှမ်းချင်နေတာကို ကစားသမားဘက်ကနေ လက်မခံလိုပဲ စာချုပ်သက်တမ်းကို (၁၈)လဝန်းကျင်နဲ့သာ ကမ်းလှမ်းမှသာ ကမ်းလှမ်းမှုကို လက်ခံသွားမှာဖြစ်တယ်လို့ Sky Sports အားကစားမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : II Cantenaccio

အသက်(၃၇)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဝါရင့်အီတလီ တိုက်စစ်မှူးကြီး ကွာဂလီရယ်လာဟာ စီးရီးအေမှာ ပွဲပေါင်းများစွာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ဂျုဗင်တပ်စ်အသင်းမှာလည်း ၂၀၁ဝခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ တိုရီနို အူဒီးနီးစ် နာပိုလီ ဂျုဗင်တပ်စ်အသင်းတွေမှာ ပါဝင်ခဲ့ဖူးတဲ့ ကွာဂလီရယ်လာဟာ လက်ရှိ ဆမ်ဒိုရီးယားအသင်းမှာ ပါဝင်နေသူဖြစ်ပြီး ဘောလုံးသမားဘဝကနေ အနားယူသွားဖို့ အစီအစဉ်မရှိသေးသလို သူရဲ့စာချုပ်သက်တမ်းကလည်း လပိုင်းလောက်သာ ကျန်ရစ်တော့တာဖြစ်လို့ သူ့ကို ဂျုဗင်တပ်စ်အသင်းဘက်ကနေ ကမ်းလှမ်းချင်နေတာဖြစ်ပါတယ်။

Photo Credit : SOS Fanta

အီတလီစီးရီးအေရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းဟာ ဒီနှစ်ဆောင်းစျေးကွက်အတွင်း အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် တိုက်စစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူချင်နေတာဖြစ်သလို လတ်တလောမှာလည်း ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ်တိုက်စစ်မှူးကြီး အိုလီဗာဂျရူးကို ပစ်မှတ်ထားနေပေမယ့် ဂျရူးကိုယ်တိုင်က ချယ်လ်ဆီးနဲ့ လက်တွဲဖြုတ်ဖို့ အစီအစဉ်မရှိတာကြောင့် ဂျုဗီဘက်ကနေ သူတို့ရဲ့ပစ်မှတ်ကို ပြောင်းလဲလိုက်ကာ ကွာဂလီရယ်လာကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ကွာဂလီရယ်လာဟာ ဒီနှစ်ဘောလုံးရာသီမှာ ဆမ်ဒိုရီးယားအသင်းအတွက် စီးရီးအေ(၁၄)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၇)ဂိုး သွင်းယူထားကာ ခြေစွမ်းလည်းပြသထားနိုင်ခဲ့ပါတယ်။ ဂိုးသွင်းစွမ်းရည် မကျဆင်းသွားသေးတဲ့ ကွာဂလီရယ်လာကို ဂျုဗင်တပ်စ်ဘက်ကနေ အလိုရှိနေပေမယ့် ဂျုဗင်တပ်စ်ဘက်က ဒီလိုအသက်အရွှယ် ကြီးရင့်နေတဲ့ တိုက်စစ်မှူးကြီးကို ကာလတို သက်တမ်းနဲ့သာ ကမ်းလှမ်းလာဖွယ် ရှိနေတာကိုတော့ ကစားသမားဘက်ကနေ လက်သင့်မခံနိုင်ပဲ စာချုပ်သက်တမ်း (၁၈)လလောက်နဲ့ ကမ်းလှမ်းလာမှသာ လက်ခံသွားမှာဖြစ်တယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။ ဂျုဗင်တပ်စ်အသင်းဘက်ကတော့ လက်ရှိမှာ ကြေးမြီပြသာနာတချို့နဲ့ပါ ရင်ဆိုင်နေရတာကြောင့် ကစားသမားသစ် ခေါ်ယူရေးမှာ အခက်အခဲတွေ ရှိနိုင်တာကြောင့် အသင်းသားတချို့ကိုပါ အရင်ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။

The post ဂျုဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့အတွက် (၁၈)လစာချုပ်နဲ့ ကမ်းလှမ်းမှ လက်ခံသွားမယ့် ကွာဂလီရယ်လာ appeared first on MySport Myanmar.