ပီအက်စ်ဂျီအသင်းဟာ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဂျုဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတဲ့အပြင် အဲဗာတန်ကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်ကစားသမား မွိုက်စ်ကင်းကိုပါ အပြီးသတ်ခေါ်ယူဖို့အတွက် အသင်းရဲ့တိုက်စစ်မှူး မာရိုအီကာဒီကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် အသုံးပြုသွားဖို့ စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Marca

ပီအက်စ်ဂျီအသင်းဟာ လာမယ့်နွေရာသီမှာ အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ နေမာ ဘာပေတို့ကို စာချုပ်သက်တမ်း မတိုးနိုင်ပဲ အသင်းကနေ လက်လွတ်သွားရနိုင်တဲ့ အခြေအနေမျိုး ရှိနေတာကြောင့် ဒီကစားသမားတွေသာ အသင်းနဲ့ လက်တွဲဖြုတ်ရမယ်ဆိုရင် သူတို့ရဲ့နေရာမှာ ရော်နယ်ဒိုနဲ့ ပြန်လည်အစားထိုးချင်နေတာဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းကလည်း ကိုဗစ်ဂယက်ကြောင့် အသင်းရဲ့ဘဏ္ဍာရေး အခြေအနေ မတည်မငြိမ် ဖြစ်နေရလို့ အသင်းရဲ့ လစာအမြင့်မားဆုံး ကစားသမားဖြစ်တဲ့ ရော်နယ်ဒိုကို အသင်းကနေ ရောင်းထုတ်ချင်နေတာဖြစ်ပြီး ရော်နယ်ဒိုကိုယ်တိုင်ကလည်း အသင်းနဲ့ လမ်းခွဲသွားဖို့ ဆန္ဒရှိနေပါတယ်။

Photo Credit  : PSGtalk

ဒီလိုအခြေအနေရှိနေတဲ့ ရော်နယ်ဒိုကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေကြပြီး ပီအက်စ်ဂျီအသင်းလည်း ဒီအသင်းတွေထဲမှာ ပါဝင်လို့နေပါတယ်။ ပီအက်စ်ဂျီအသင်းဟာ အသင်းတိုက်စစ်ပိုင်းအတွက် ရော်နယ်ဒိုလို ပုံရိပ်မြင့်မားလှတဲ့ ကစားသမားတစ်ယောက်ကို ပစ်မှတ်ထားနေတဲ့အပြင် မနှစ်က နွေစျေးကွက်အတွင်း အဲဗာတန်အသင်းကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး မွိုက်စ်ကင်းကိုပါ အပြီးသတ်ခေါ်ယူသွားဖို့ကိုလည်း စီစဉ်လျက် ရှိနေပါတယ်။ မွိုက်စ်ကင်းဟာ အဲဗာတန်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပေမယ့် ပီအက်စ်ဂျီအသင်းကို ရောက်ရှိချိန်မှာတော့ ခြေစွမ်းတွေ ပြန်လည်ပြသနိုင်တာကြောင့် သူ့ကို အသင်းကနေ အပြီးသတ်ခေါ်ယူချင်နေတာဖြစ်ပြီး မွိုက်စ်ကင်းကို ခေါ်ယူဖို့အတွက်ကိုလည်း အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား အီကာဒီကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အီကာဒီဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ (၁၉)ပွဲသာ ပါဝင်ကစားထားခဲ့ရပြီး သွင်းဂိုးလည်း (၇)ဂိုးပဲ သွင်းယူထားနိုင်ခဲ့ပါတယ်။

The post ရော်နယ်ဒိုကို ခေါ်ယူဖို့ ချိန်ရွှယ်နေသလို မွိုက်ကင်းစ်ကိုပါ အီကာဒီနဲ့ အလိုက်ပေး ခေါ်ယူသွားမယ့် PSG appeared first on MySport Myanmar.