ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေကို လက်လွှတ်ခဲ့ရပါက ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဆာလက်ကို အမ်ဘာပေရဲ့ နေရာအတွက် ခေါ်ယူအားဖြည့်ဖို့ စီစဉ်နေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေနဲ့ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ အသက် ၂၁နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး ပီအက်စ်ဂျီအသင်းက သူ့ကို စာချုပ်သက်တမ်း တိုးဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေပေမယ့် အမ်ဘာပေကတော့ ပီအက်စ်ဂျီအသင်းက ထွက်ခွာလိုနေပါတယ်။

Photo Credit: AS English

လက်ရှိမှာတော့ အမ်ဘာပေကို ခေါ်ယူဖို့ အတွက် စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းတို့က စိတ်ဝင်စားနေကြပြီး အမ်ဘာပေကလည်း လာလီဂါနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်တို့မှာ ကစားချင်နေတာကြောင့် အဆိုပါနှစ်သင်းထဲက တစ်သင်းဟာ အမ်ဘာပေကို ရရှိဖို့ ရာခိုင်နှုန်းများနေကြောင်း ဥရောပ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ပီအက်စ်ဂျီအသင်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား စာရင်းဝင် အမ်ဘာပေကို လက်လွှတ်လိုခြင်း မရှိပေမယ့် အမ်ဘာပေဟာ အတွေ့အကြုံအသစ်တွေကို ရယူလိုတာကြောင့် ပီအက်စ်ဂျီအသင်းကို စွန့်ခွာလိုနေတာပဲ ဖြစ်ပါတယ်။

Photo Credit: AS English

တစ်ဖက်မှာတော့ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်သူ ဆာလက်ဟာ လီဗာပူးအသင်းမှာ ပျော်ရွှင်နေပေမယ့် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုကြောင်း အင်တာဗျူးတခုမှာ ပြောကြားထားသလို အသင်းနဲ့ သူ့ရဲ့ကြားမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေလည်း မရှိတာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းသစ်ကို ပြောင်းရွှေ့မယ့် အနေအထားမှာ ရှိပါတယ်။ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ AS English သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေရဲ့ နေရာအတွက် အစားထိုးနိုင်မယ့် ကစားသမားတွေကို စတင် ရှာဖွေနေပြီ ဖြစ်ကာ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ဆာလက်ဟာ သူတို့ရဲ့ အဓိက ပစ်မှတ်ဖြစ်ပြီး ဆာလက်ကို ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းခန့်နဲ့ စတင် ကမ်းလှမ်းဖွယ် ရှိကြောင်း သိရပါတယ်။

The post အမ်ဘာပေကို လက်လွှတ်ရပါက ဆာလက်ကို အစားထိုး ခေါ်ယူသွားမယ့် ပီအက်စ်ဂျီ appeared first on MySport Myanmar.